News

POST TYPE

REGIONAL

မြန်မာ - အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်စိုက်ထူရေး ယခုလအတွင်း ဆွေးနွေးမည်
17-Aug-2016
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး ခရိုင်တွင် မပြီးပြတ်သေးသည့် မြန်မာ - အိန္ဒိယ နယ်နိမိတ်မှတ်တိုင် စိုက်ထူရေး သြဂုတ် ၂၂ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ဒုတိယဝန်ကြီးအဆင့် မူဝါဒ ရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို  မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်နေ့၌ ကျင်းပသည့်  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာ - အိန္ဒိယ နယ်နိမိတ်မှာ ၁၆၄၃ ကီလိုမီတာ ထိစပ်နေသော  တမူးခရိုင်နှင့် မဏိပူရ်ပြည်နယ်အကြားတွင် နယ်ခြား မှတ်တိုင် ၅၅ တိုင်ရှိပြီး နယ်ခြား မှတ်တိုင် (၉) ခုမှာ နှစ်နိုင်ငံအကြား တိုင်းတာမှု မပြီးဆုံးသေးကြောင်း၊ BP ၇၈ နှင့် BP ၈၀ အကြား ကွင်းဆင်းတိုင်းတာမှုကို  ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က မြန်မာနိုင်ငံမှ မြေတိုင်းအဖွဲ့ နယ်စပ်လုံခြုံရေး တာဝန်ယူထားရသော တပ်မတော်မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ တာဝန်ရှိသူများ ပူးပေါင်းကာ တိုင်းတာခဲ့ကြောင်း တမူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ယင်းနောက် မှတ်တိုင်သစ်များ စိုက်ထူခဲ့ရာ မတ် ၁၂ ရက်နေ့တွင်  အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ကွားထာရွာအနီးနှင့် တမူးခရိုင်ရှိ ကွန်းတောင်ရွာအနီး မှတ်တိုင် စိုက်ထူရန် ပြုလုပ်စဉ် ကွားထာရွာမှ ကျေးရွာသားများက ကန့်ကွက်ခဲ့ကြောင်း၊ ယင်းအခြေအနေကြောင့် နှစ်နိုင်ငံအစိုးရ ပြန်လည် ညှိနှိုင်းဆောင်ရွက်ရန် အိန္ဒိယဘက်မှ ပြန်လည်တင်ပြနေသဖြင့် ရပ်နားထားရကြောင်း၊ တမူးမြို့ အုပ်ချုပ်ရေးဌာနထံမှ သိရှိရသည်။

မြန်မာ - အိန္ဒိယ နယ်နိမိတ်နှင့် ပတ်သက်ပြီး ၁၉၆၇ ခုနှစ် မတ် ၁၀ ရက်နေ့က နယ်နိမိတ် တိုင်းတာရေး စာချုပ်ချုပ် ဆိုခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်နိမိတ်သည် မိုင်ပေါင်း ၁၀၁၀ ထိစပ်နေသည့်အနက် တမူးခရိုင်အတွင်းရှိ ကဘော်ချိုင့်ဝှမ်း ဒေသသည် မြေပုံနှင့် မြေပြင် ကွဲလွဲမှုကြောင့် ၂၄ မိုင်အတွက် မှတ်တိုင် ၉ တိုင် စိုက်ထူရန်နှင့် မြောက်ဘက်စွန်းရှိ မြန်မာ-အိန္ဒိယ-တရုတ် သုံးနိုင်ငံ ဆုံမှတ်အထိ ၇၉ မိုင်ခန့် သတ်မှတ်ရန် ကျန်ရှိနေကြောင်း ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

သုံးနိုင်ငံ ဆုံမှတ်သတ်မှတ်ရေးမှာ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အငြင်းပွားနေသဖြင့် ယင်းနှစ်နိုင်ငံအကြား ပြေလည်မှု ရရှိမှသာ ကျန်သည့် ၇၉ မိုင်ကိစ္စကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကဘော်ချိုင့်ဝှမ်း မှတ်တိုင် ၉ တိုင် အတွက် ဖြေရှင်းရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ကျင်းပခဲ့သော နှစ်နိုင်ငံပူးတွဲ နယ်နိမိတ်လုပ်ငန်း အဖွဲ့အစည်းအဝေးတွင် အိန္ဒိယနိုင်ငံဘက်မှ အဆိုပြုသစ် တစ်ရပ်ကို ပေးအပ်မည်ဖြစ်ပြီး  ညှိနှိုင်းထားသည့်အတွက် အိန္ဒိယဘက်မှ အဆိုပြုချက် ရရှိပါက နှစ်ဖက်နိုင်ငံ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာကာ တိုင်းတာ မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်  သြဂုတ်လ ၉ရက်နေ့က  ပြုလုပ်ခဲ့သော  ၁၅ ကြိမ်မြောက် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယ ဝန်ကြီးအဆင့် မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ ညွန်ကြားရေမှူးချုပ် Joint Secretary Mrs. Sripriya ဦးဆောင်သည့် အဖွဲ့သည် သြဂုတ် ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကဘော်ချိုင့်ဝှမ်းကိစ္စ ညွန်ချုပ်အဆင့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။




  • VIA