News

POST TYPE

REGIONAL

ပခုက္ကူ တက္ကသိုလ်မှ ကျောင်းသားများ အုပ်စုဖွဲ့ရိုက်နှက်ခံရမှု ရှစ်လကြာသည်အထိ စစ်ဆေးခြင်းမရှိဟုဆို
17-Aug-2016
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ ပညာသင်ကြားနေသော ကျောင်းသားသုံးဦးကို အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ အမှုဖွင့်ထားသည်မှာ ရှစ်လရှိပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ  စစ်ဆေးအရေးယူခြင်း မရှိသေးကြောင်း ချင်းကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ပခုက္ကူမြို့၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီကျော်အချိန်က အမှတ် ၁၁ ရပ်ကွက်အတွင်း တောင်ဇလပ် အမည်ရှိ ဘော်ဒါဆောင်၌ နှစ်သစ်ကူးကြိုဆိုပွဲနှင့် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် ချင်းတိုင်းရင်းသား ကျောင်းသားသုံးဦးကို အမည်မသိ လူ ၁၅ ဦးခန့်က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် တိုင်ကြားခဲ့သောကြောင့် ပခုက္ကူ မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ၃၃၆၊ ၃၂၄၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်ဆေးအရေးယူခြင်း မရှိသေးကြောင်း ချင်းကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ဆလိုင်ထန်နိုင်က ပြောကြားသည်။

"ပြစ်မှုကျူးလွန်သူတွေထဲကမှ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီညက ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အာမခံနဲ့ လွှတ်ပေးခဲ့တာ အခု  ၂၄၅ ရက် ကြာတဲ့အထိပဲ" ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် ပခုက္ကူတက္ကသိုလ်မှ ပထဝီဝင် အထူးပြု တတိယနှစ်ကျောင်းသား ကိုဘင်ဇမင်သည် ဘယ်လက်မ အရိုးကျိုး ဒဏ်ရာ၊ ဘူမိဗေဒ အထူးပြု ဒုတိယနှစ်ကျောင်းသား ကိုခွာဇပိုင်သည် ဦးခေါင်း ဘယ်ဘက်ခြမ်းနှင့် လည်ပင်းညာဘက်ခြမ်း၊ ဘယ်ဘက်လက်တွင် ဓားခုတ်ခံရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး ဒဿနိကဗေဒအထူးပြု ပထမနှစ် ကျောင်းသား ကိုစိန်ဇဆန်းသည် ဘယ်လက် တံတောင်ဆစ် ဒဏ်ရာရရှိခဲ့ကာ ချင်းကျောင်းသား လေးဦး၏ ဆိုင်ကယ်များလည်း ဖျက်ဆီးခံခဲ့ရကြောင်း ယင်းကျောင်းသားများထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပခုက္ကူ မြို့မရဲစခန်းမှူးရုံးသို့ သွားရောက်မေးမြန်းရာ ကျောင်းသားသုံးဦး ရိုက်နှက်ခံရမှု ကြန့်ကြာနေရခြင်းမှာ ယင်းအမှုကို စစ်ဆေးရမည့် အမှုစစ်ရဲအရာရှိ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ တရားစွဲတင်နိုင်ရေးအတွက် လက်ရှိတွင် ဥပဒေအရာရှိထံ အကြုံပြုချက် တောင်းခံထားပြီဖြစ်ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်စိုးက ပြောဆိုသည်။


  • VIA