News

POST TYPE

REGIONAL

ဝေါမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်ဆီး
17-Aug-2016

ဝေါ၊ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ကွေ့ကြီးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနှင့် ဖိုးစိန္ဒာကျေးရွာများတွင် သြဂုတ် ၁၆ ရက် ညနေ ၃ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

"သာမန်အိမ်လေးတွေက သစ်ပင်ပိပြီး ပြိုကျသလို လုံးလုံး လဲသွားတာမျိုးလည်း ဖြစ်ကုန်တယ်။ အိမ်ကြီး၊ အိမ်ကောင်းတွေကတော့ အမိုးတွေ လန်ကုန်တာလောက်ပါ"ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိန်က ပြောကြားသည်။

အဆိုပါနေ့ ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် လေပြင်း တိုက်ခတ်မှုများကြောင့် ဝေါမြို့နယ် ကွေ့ကြီးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနှင့် ဖိုးစိန္ဒာတဲစုမှ နေအိမ် ၁၃၁ လုံးနှင့် မူလတန်းကျောင်း တစ်ကျောင်း အမိုးလန်ခြင်း၊ ပြိုကျခြင်းနှင့် သစ်ပင်များ ပိကာ နေအိမ်ပြိုလဲမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ လူ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း မြစ်ကျိုးတိုက်နယ် ရဲစခန်းထံမှ စုံစမ်းသိရသည်။

အခင်း ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ ယနေ့ (သြဂုတ် ၁၇ ရက်) မွန်းတည့် ၁၂ နာရီခန်က တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဝေါမြို့နယ် တိုင်းဒသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဝေါမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကာ လိုအပ်သည့် ကူညီထောက်ပံံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ဝေါမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်း သိရှိရသည်။



  • VIA