News

POST TYPE

REGIONAL

ဝက်သက် ကူးစက်နေသည့် နာဂဒေသတွင် လျင်မြန်သည့် ပို့ဆောင်ရေး အဓိကလိုအပ်
17-Aug-2016
ဝက်သက်နှင့် အခြားရောဂါ ကူးစက်ဖြစ်ပွားနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသရှိ ကျေးရွာများသို့ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများကို အချိန်မီ ပေးပို့နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး အကူအညီများ  အဓိကလိုအပ်နေကြောင်း  နာဂအမျိုးသားရေးရာ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးနော်အောင်ဆန်းက ပြောကြားသည်။
အဆိုပါ ဒေသတွင် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါအခြေအနေ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှု အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် ပုဇွန်တောင်မြို့နယ်၊ Orchid Hotel တွင် သြဂုတ်လ ၁၆ရက်နေ့က နာဂ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးနော်အောင်ဆန်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

"နာဂဒေသအတွက် မြန်ဆန်တိကျတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖန်တီးပေးဖို့ လိုပါတယ်၊ အဓိက ကယ်ဆယ်ရေး ပစ္စည်းတွေကို လေကြောင်းလိုင်းနဲ့ ခန္တီးကို ပို့နိုင်အောင် လုပ်ပေးရင် တော်တော် အဆင်ပြေပါတယ်" ဟု ၎င်းက ပြော ဆိုသည်။ 

နာဂဒေသရှိ ရောဂါဖြစ်ပွားနေသည့် ရွာများသို့ လှူဒါန်းထားသည့် ဆေးဝါး၊ စားနပ်ရိက္ခာ၊ အာဟာရနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ခန္တီးမြို့သို့ ပို့ဆောင်ပေးနိုင်ရန် လေကြောင်းလိုင်း သယ်ယူပို့ဆောင်ရေး အကူအညီ လိုအပ်နေကြောင်း၊ တပ်မတော်သုံး ရဟတ်ယာဉ်များကို  အသုံးပြုခွင့်ပေးပြီး လဟယ်နှင့် နန်းယွန်း မြို့နယ်ရှိ ကျေးရွာများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့စေလိုကြောင်း နာဂ အမျိုးသားရေးရာ ကောင်စီထံမှ သိရသည်။ 

ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍  ရောဂါကုသရေးနှင့် ထောက်ပံ့ရေး ဆောင်ရွက်ရာ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု အားနည်းခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိဘဲ နှောင့်နှေးကြန့်ကြာ မှုများ ရှိကြောင်း နာဂအမျိုးသားရေးရာ ကောင်စီနှင့် နာဂ အရပ်ဘက် အဖွဲ့အစည်းများက သတင်းစာရှင်းလင်းပွဲတွင် ဝေဖန် ပြောကြားသည်။ 

"မိုးတွင်းလည်း ဖြစ်နေတော့ လမ်းကဆိုးသလို သွားရေးလာရေး ခက်ခဲတာလည်းရှိတယ်၊ ဒေသရဲ့ အခက်အခဲတွေကြောင့် လာလှူမယ့် လူတွေထဲက တချို့မလာနိုင်ကြဘူး" ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ ဦးစီးအဖွဲ့ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။ 

သြဂုတ်လ ၁၅ ရက်နေ့တွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါ ဖြစ်ပွားသည့် ကျေးရွာများသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်အိတ် ၁၀၄ အိတ်၊ ဆီ ၂၀ ပုံး၊ ကုလားပဲအိတ် ၂၀ နှင့် ငါးသေတ္တာ ၃၃၀၀ ဘူးတို့ကို မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် ဟုမ္မလင်း လေဆိပ်သို့လည်းကောင်း၊ ယင်းမှတစ်ဆင့် တပ်မတော် ရဟတ်ယာဉ်များဖြင့် ခန္တီးမြို့သို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ 

သြဂုတ်လ ၁၆ ရက်နေ့အထိ ဝက်သက်နှင့် အခြားကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် လဟယ်မြို့နယ်ရှိ ကျေးရွာငါးရွာမှ ၂၈ ဦး၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာ လေးရွာမှ ၁၄ ဦး၊ စုစုပေါင်း  ၄၂ ဦး သေဆုံးခဲ့ကြောင်း၊ ရောဂါဖြစ်ပွားသော ကျေးရွာများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနအနေနှင့် ကွင်းဆင်းကာ ရောဂါ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ ဦးစီးအဖွဲ့ရုံးထံမှ သိရသည်။


  • VIA