News

POST TYPE

REGIONAL

ကျိုက်ထီးရိုးတောင်ပေါ် ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပယ်ဖျက်
17-Aug-2016
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တောင်ပေါ်တွင် ခွင့်ပြုသည်ထက် ပိုမို ဆောက်လုပ်ထားသည့် ရိုးရိုးလေးဟိုတယ် အခန်းပိုများအား တစ်လအတွင်း ဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်း လိုက်နာမှု မရှိသည့်အတွက် ဟိုတယ်လုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ)ထံမှ သိရသည်။
ဇွန်လ ၂၇ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုး စေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက ခွင့်ပြုထားသည်ထက် ပိုမိုဆောက်လုပ်ထားသည့် ဟိုတယ်အခန်းများကို တစ်လအတွင်း ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်အတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင် ရုံးခွဲ)မှ ဇူလိုင် ၈ ရက်က ရိုးရိုးလေး ဟိုတယ်သို့ အသိပေး အကြောင်းကြားခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။

"ဥပဒေနဲ့အညီ ဟိုတယ်လိုင်စင် သိမ်းလိုက်တယ်၊ ကျွန်တော်တို့ ပေးထားတဲ့ လိုင်စင်က ၁၃၅ ခန်း ပေးထားတယ်၊ အဲဒီလိုင်စင်ကို ရုပ်သိမ်းလိုက်တာ"ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။
ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်ကို သြဂုတ်လ ၁၁ ရက်မှစပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉(က) အရ လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့်အတွက် ဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်၏ မူလအဆောင်ကို ပြင်ဆင်ခြင်း အဆောင် (၂) ဆောင် ထပ်မံ တိုးချဲ့ဆောက်လုပ်ပြီး အိပ်ခန်း ၂၄၁ ခန်းထိ တိုးချဲ့ထားသဖြင့် ဟိုတယ်အား လိုင်စင်ခွင့်ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

၎င်းပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ အဆောင်အမှတ် ၅မှာ အမြင့် ၄၀ ပေနှင့် အဆောင်အမှတ် (၆) မှာ အမြင့်ပေ ၅၀ ရှိသော အန္တရာယ်ရှိနိုင်သည့် အထပ်မြင့် အဆောက်အအုံ ဆောက်ထားခြင်း၊ ရိုးရိုးလေးဟိုတယ် အနေနှင့် ဟိုတယ်ခန်း တိုးချဲ့ တည်ဆောက်ဖွင့်လှစ်ခြင်းကို ဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခဲ့ခြင်း မရှိ၍
လိုင်စင်ဆိုင်ရာ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သည်ကို တွေ့ရှိရသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ထံမှ သိရသည်။

ဝေဖန်သံများ ထွက်ပေါ်နေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတောင်ပေါ်က ဟိုတယ်အခန်းကိစ္စအပြင် အဆောက်အအုံကိစ္စ၊ ဂေါပကအဖွဲ့ကိစ္စ၊ ဘုရားပေါ်မှ အလှူခံဌာနကိစ္စ၊ တောင်တက် မော်တော်ယာဉ်ကိစ္စ၊ တောင်တော် သန့်ရှင်းသာယာရေး ကိစ္စများကိုလည်း ရှေ့ဆက် စနစ်တကျ ထိန်းသိမ်း ကိုင်တွယ်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်း ကျိုက်ထီးရိုးတောင်ပေါ်သို့ ပုံမှန် သွားရောက်စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ် စည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျ ထိန်းသိမ်းသွားမည်ဖြစ်သလို လိုက်နာမှု မရှိသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ရိုးရိုးလေး ဟိုတယ်၊ ကျိုက်ထိုဟိုတယ်နှင့် Mountain Top ဟိုတယ်တို့ရှိပြီး ရသေ့တောင်တွင် Golden Rock ဟိုတယ်ရှိသည်။

Dawei Watch


  • VIA