News

POST TYPE

REGIONAL

ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်းကိုးထောင်ကျော် ပေးဆပ်ရန် ကျန်ရှိ
16-Aug-2016
နေပြည်တော်၊ သြဂုတ် ၁၆ 

ပြည်ပချေးငွေ အမေရိကန် ဒေါ်လာသန်း ၉ဝ၈၆ ဒသမ ၇၉၆ သန်း ပေးဆပ်ရန် ကျန်ရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

သြဂုတ်လ ၁၆ ရက် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ပြည်ပချေးငွေ ကျန်ရှိနေသည့် ပမာဏကို သိလိုကြောင်း မေးမြန်းခဲ့ပြီး ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အဖွဲ့အစည်းများအလိုက် ချေးယူ သုံးစွဲထားသော အဆိုပါ ပြည်ပချေးငွေမှ အတိုးဖြစ်နေသော ငွေမှာ အမေရိကန်ဒေါ်လာ ၂၂၇ ဒသမ ၇၄၆သန်း ရှိနေကြောင်း ဒုဝန်ကြီးက ထပ်လောင်း ပြောသည်။

ယင်းချေးငွေများကို ပြန်လည် ပေးဆပ်ရန် နိုင်ငံတော်၏ အဓိက ရငွေများဖြစ်သော အခွန်အကောက်ရငွေ၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့် အခြားရငွေများမှ ထုတ်နုတ် ပေးဆပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းချေးငွေများ ရှိသော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ထပ်ချေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။


  • VIA