News

POST TYPE

REGIONAL

မိုင်းပျဉ်းမြို့နယ်၌ အမည်မသိ သေနတ်သမား ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်ပိုင်ရှင် သေဆုံး
16-Aug-2016
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ဝမ်မွန်းရွာ၌ သြဂုတ် ၁၅ ရက် ည ၇ နာရီခွဲခန့်က အမည်မသိ သေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်၍ အဆိုပါ ကျေးရွာနေ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား သေဆုံးခဲ့ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။

ကျိုင်းတုံ-တောင်ကြီး လမ်းဘေးရှိ ရွှေမြန်မာစားသောက်ဆိုင်နှင့် တည်းခိုခန်းသို့ ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် စားသောက်ဖွယ်ရာများ လာရောက်ဝယ်ယူစဉ် ဆိုင်ရှင်အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း၊ သေနတ်ဖြင့် အပစ်ခံရသည့်ဆိုင်ရှင်ကို မိုင်းပျဉ်းဆေးရုံသို့ တင်ပို့ကုသနေစဉ် ယနေ့ (သြဂုတ် ၁၆ ရက်) နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က သေဆုံးသွားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

“သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတဲ့သူတွေက တစ်ချက်တည်း ပစ်ခတ်လို့ ဆိုင်ရှင်အမျိုးသား ဘယ်ဘက်ပခုံးဘေးကနေ ကျည်ကဖောက်ဝင်ပြီး အဆုပ်ကို ထိခိုက်တယ်လို့သိရတယ်။ ကျည်ခွံကို ပြန်ကောက်ယူသွားတယ်။ သေဆုံးသူထံကနေ ကျည်ထိပ်ဖူး မခွဲစိတ်ရသေးလို့ ဘယ်လို သေနတ်အမျိုးအစား ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ အခင်းဖြစ်ပွားရာ ကျေးရွာသည် ဆင်မောင်းကျေးရွာအုပ်စ ုအတွင်း ပါရှိပြီး မိုင်းပျဉ်းမြို့နှင့် မိုင် ၄၀ ခန့် ကွာဝေးသည်။

အသက် ၄၅ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းလှိုင် သေဆုံးမှုနှင့် ပတ်သက်၍ မိုင်းပျဉ်းမြို့မ ရဲစခန်းတွင် (ပ) ၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၇/၁၁၄ အရ အမှုဖွင့်ထားရာမှ သေဆုံးသွားသောကြောင့် ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲ၍ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - SPTHT