News

POST TYPE

REGIONAL

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ NLD ဥက္ကဋ္ဌ နေအိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရ
15-Aug-2016
မြောက်ဦး၊ သြဂုတ် ၁၅

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဦးမောင်ကျော်သန်း နေအိမ်ကို ယနေ့ (သြဂုတ် ၁၅ ရက်) နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် နေအိမ်အတွင်းသို့ အပစ်ခံရကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက အတည်ပြု ပြောကြားသည်။

“မနက် ၂ နာရီကျော်လောက်မှာ နေအိမ်အပြင်ဘက်ကနေပြီး လက်ပစ်ဗုံးနဲ့ ပစ်သွင်းသွားတာ။ ဗုံးက စနတ်တံ ညှပ်နေပြီး မပေါက်ကွဲခဲ့တာ။ ဗုံးအမျိုးအစားက တရုတ်နိုင်ငံလုပ် 91 ပုံစံမျိုးလို့ ယူဆရတဲ့ လက်ပစ်ဗုံး အမျိုးအစား ဖြစ်ပါတယ်” ဟု သွားရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် တပ်မတော်သားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လက်ပစ်ဗုံးဖြင့် အပစ်ခံရမှုသည် မြောက်ဦးမြို့နယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး နေအိမ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါက မိသားစုလေးဦးစလုံး သေဆုံးနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးမှ ပြောသည်။

“မနက်အရုဏ်မှာ ခြံတိုးသံကြားလို့ ထကြည့်တော့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။ ကျတာက အိပ်ယာအနားမှာပါ။ ဘာလို့ အခုလို လုပ်ကြံတယ် ဆိုတာတော့ သေချာမသိပါဘူး။ ကံကောင်းလို့၊ မပေါက်ကွဲလို့ မသေကြတာ” ဟု တောင်ဦးကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဦးမောင်ကျော်သန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုတွင် NLD ပါတီမှာ ရွေးကောက်ပွဲကာလ ကတည်းကပင် ဆိုင်ဘုတ်များ ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှု အများဆုံး တွေ့ကြုံခဲ့ရသည်။

အဆိုပါ လက်ပစ်ဗုံးကို ကျောက်တော်တပ်နယ် စစ်အင်ဂျင်နီယာတပ်ရင်း ၉၀၈ တွင် ယနေ့ (သြဂုတ် ၁၅ ရက်) ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လက်ပစ်ဗုံး လာရောက်ပစ်သူကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။