News

POST TYPE

REGIONAL

ဟင်္သာရုပ်တုအသစ်ယာဉ်ပတ်အဝိုင်းကို ရွှေဟင်္သာယိမ်းအကဖြင့် ဖွင့်လှစ်
14-Aug-2016

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုတ္တမ-မော်လမြိုင် သံလွင်တံတားထိပ်မှ ဆွမ်းအုပ်ယာဉ်ပတ်အဝိုင်းမှ ဟင်္သာရုပ်တုယာဉ်ပတ်အဝိုင်းအဖြစ်ဖွင့်လှစ်ရာတွင် မွန်ယဉ်ကျေးမှု ရွှေဟင်္သာယိမ်းအကများဖြင့် ပါဝင်ဖျော်ဖြေခဲ့သည်။

ဟင်္သာရုပ်တုဖွင့်ပွဲအခမ်းအနားကို ယနေ့(သြဂုတ် ၁၄ ရက်) နံနက် ၉ နာရီခွဲက ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့သည်။

ထိုယာဉ်ပတ်အဝိုင်းနေရာမှ ဆွမ်းအုပ်ရုပ်တုကို ဖယ်ရှားကာ ဟင်္သာရုပ်တုအဖြစ် သြဂုတ် ၂ ရက် နံနက်က ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

လူအများနှင့် သက်ဆိုင်သည့် နေရာများ၊ လမ်းဆုံအဝိုင်းနေရာများ၊ နေအိမ်များတွင် ရွှေဟင်္သာရုပ်ကို ပြုလုပ်တပ်ဆင်ခြင်းအားဖြင့် မွန်အမျိုးသားတို့၏ သမိုင်းနောက်ခံ အထိမ်းအမှတ်များ ပိုမိုထင်ရှားစေသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

ဟင်္သာရုပ်တုအသစ်၏ အရွယ်အစားမှာ အလျား၊ အနံ၊ အမြင့် ၁၁ ပေပတ်လည်ဝန်းကျင်ရှိကာ ထိုရုပ်တုပြုလုပ်မှုနှင့် အခမ်းအနား ကျင်းပခြင်းအတွက် ငွေကျပ်သိန်း ၄၀ ဝန်းကျင်ကုန်ကျခဲ့သည်။

“မွန်လူမျိုးတို့ရဲ့ အထွဋ်အမြတ်အလံတော်မှာလည်း ရွှေဟင်္သာရုပ်ဖြစ်တယ်။ အခုဖွင့်လှစ်တဲ့ ရွှေဟင်္သာ ရုပ်တုမှာလည်း မွန်လူမျိုးတွေ လက်ခံထားတဲ့ အလံတော်မှာပါတဲ့ ရွှေဟင်္သာပုံစံအတိုင်း ပြုလုပ်ထားတာလို့ သိရပါတယ်”ဟု ဦးမင်းမင်းဦးက ဆက်လက်ပြောဆိုသည်။

မွန်တိုင်းရင်းသားလူမျိုးအားလုံး မွန်အလံတော်ရွှေဟင်္သာတောင်ပံအောက်တွင် သွေးစည်းညီညွှတ်ကာ မွန်အမျိုးသားအကျိုး၊ ပြည်ထောင်စုအကျိုးအတွက် မွန်တစ်မျိုးသားလုံး စည်းလုံးညီညွှတ်စွာ မွန်ပြည်နယ် အစိုးရဖွဲ့နှင့် ပူးပေါင်းလက်တွဲရန် အခမ်းအနားတွင် ဦးမင်းမင်းဦးက မွန်တိုင်းရင်းသားများသို့ တိုက်တွန်း ပြောကြားခဲ့သည်။