News

POST TYPE

REGIONAL

အမျိုးသမီးတစ်ဦးကို ကာယိန္ဒြေပျက်စေသည့် သံဃာအတု အယောင်ကို အမှုဖွင့်
18-Apr-2017
ကျိုင်းတုံ၊ ဧပြီ ၁၈

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခန့်က အမျိုးသမီးတစ်ဦးကို ကာယိန္ဒြေပျက်စေရန် ပြုလုပ်သည့် သံဃာအတုအယောင်ကို ဖမ်းဆီးအရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

အဆိုပါရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်မီးဖိုပြတင်းပေါက်မှ ထမင်းကျန်၊ ဟင်းကျန်များ လွှင့်ပစ်စဉ် လမ်းလျှောက်လာသည့် သံဃာတစ်ပါးနှင့် စကားများရန်ဖြစ်ပြီး တိုင်ကြားခဲ့ရာမှ ကာယိန္ဒြေပျက်စေရန် ပြုလုပ်ခဲ့သည့် ယင်းသံဃာအတုအယောင်ကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ထမင်းကျန်ဟင်းကျန်တွေကို လွှင့်ပစ်တဲ့အချိန်မှာ အရက်သေစာ သောက်စားထားတဲ့ သံဃာအပေါ်ကို ကျတာဖြစ်မယ် ထင်တယ်။ ဒါ့ကြောင့် အဲဒီသံဃာက ပြတင်းပေါက်ကနေ အမျိုးသမီးအင်္ကျီ ရင်ဘတ်ကို ဆွဲတဲ့အပြင် ဆဲဆိုပြီး ပြတင်းပေါက်ကို အုတ်ခဲနဲ့ထုတယ်။ အိမ်အပြင်ထွက်လာတဲ့ အမျိုးသမီးကိုပါ အုတ်ခဲနဲ့ထုဖို့ လုပ်တာ ပတ်ဝန်းကျင်က တားဆီးခဲ့လို့ မထုမိဘူး" ဟု ၎င်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်အတွင်း ကျုးကျော်ဝင်ရောက်ကာ ညစ်ညမ်းစွာ ဆဲဆိုပြီး အမျိုးသမီးကို ကာယိန္ဒြေပျက်ပြားစေရန်နှင့် သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်သည့် အသက် ၄၁ နှစ်အရွယ် ဦးခိုင်မျိုးထွန်းကို (ပ)၇၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၂၉၄/၃၅၄/၂၉၅-က အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16