News

POST TYPE

REGIONAL

မိုင်းပျဉ်းမြို့၌ နှစ်ထပ်အိမ်တစ်လုံး ပြိုကျ
12-Aug-2016

ကျိုင်းတုံ၊ သြဂုတ် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်တွင် ယနေ့ (သြဂုတ်လ ၁၂ ရက်) နံနက် ၆ နာရီက မိုးရွာသွန်းနေစဉ် နှစ်ထပ်နေအိမ်တစ်လုံး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၅ နာရီလောက်မှာ မိုးကြီးရွာတယ်။ အိမ်ဘေးတစ်ခြမ်းက အုတ်တွေက မနက် ၆ နာရီလောက်မှာ ပြိုကျမှုဖြစ်တာ။ လူတွေတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု မိုင်းပျဉ်းမြို့ ဒေသခံ ဒေါ်သီတာက ပြောကြားသည်။

ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိသော အဆိုပါအိမ်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ရှမ်းရိုးရာ အုတ်စိမ်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် ဒေါ်နန်းရွှေအိမ်သည် မိဘများ ဆုံးပါးပြီး နောက်ပိုင်း တစ်ဦးတည်း နေထိုင်ကာ တောရွာများမှ ကျောင်းလာတက်သည့် ကျောင်းသားကျောင်းသူ အများစုကို လက်ခံနေထိုင်ခွင့် ပြုထားကြောင်း မိုင်းပျဉ်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးမင်းအောင်က ဆိုသည်။