News

POST TYPE

REGIONAL

ကျိုက်ထီးရိုးတွင် ဝိနည်းနှင့် မညီသော ရဟန်း၊ သီလရှင်များကို လူဝတ်လဲ
15-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကျိုက်ထီးရိုး တောင်ပေါ်တွင် သာသနာရေး ဦးစီးဌာနမှ ပြဋ္ဌာန်းထားသော ဝိနည်းတော် စည်းကမ်းဖြင့် မညီညွှတ်ဘဲ   အလှူငွေရရှိရန် အလှူခံနေကြသည့် ရဟန်းများနှင့် သီလရှင်များကို သံဃာစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ရှောင်တခင် ဖမ်းဆီး၍ စစ်ဆေး အရေးယူလျက်ရှိကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် ကျင့်ဝတ်၊ စည်းကမ်းများကို မလိုက်နာဘဲ ကျိုက်ထီးရိုး တောင်ပေါ်ရှိ စေတီများ၊ တောင်တက်လမ်းများနှင့် လူစည်းကားသည့် တောင်ဆင်း ကားဂိတ်များအနီးတွင် အလှူခံနေခြင်းမှာ အများပြည်သူ ကြည်ညိုမှုကို ထိခိုက်လာနိုင်စေသဖြင့် ပညာပေးမှုကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက် မွန်ပြည်နယ် သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကျိုက်ထိုမြို့နယ် သံဃာ့ စည်းကမ်းထိန်းသိမ်းရေး ဆရာတော်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းစစ်ဆေး တွေ့ရှိခဲ့သော ရဟန်း၊ ကိုရင်၊ ရသေ့နှင့် သီလရှင် စုစုပေါင်း ၅၅ ဦးတို့ကို လူဝတ်လဲစေကာ ပညာပေးခဲ့ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ 

“ရဟန်းကျင့်ဝတ်နဲ့ မညီလို့ ပြည်နယ်အဆင့် သံဃာနာယကအဖွဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ လောလောဆယ် ပညာပေးကာလ အနေနဲ့ ရိုးရိုးတန်းတန်း လူဝတ် ထွက်ခိုင်းလိုက်တယ်။ နောက်ပိုင်း ထပ်တွေ့ရင် သံဃာ့စည်းကမ်းထိန်းသိမ်းရေး ဥပဒေအတိုင်း အရေးယူမယ်လို့ ဆရာတော်တွေကလည်း မိန့်ကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် ကျိုက်ထီးရိုး တောင်ပေါ်တွင် အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံ တင်ပြထားခြင်း မရှိကြောင်း၊ မ.ဟ.န ညွှန်ကြားလွှာ ၉၇ ချက်နှင့် မညီသည့် မည့်သည့်ရဟန်းနှင့် သီလရှင်မဆို ကျူးလွန်မှုအလိုက် သိက္ခာချ လူဝတ်လဲခြင်း၊ သံဃာမှတ်ပုံတင် ရုပ်သိမ်းခြင်း စသော အရေးယူမှုများကို လုပ်ဆောင်နိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

“သက်ဆိုင်ရာ ပြည်နယ်သံဃနာယက ဆရာတော်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်း ဆောင်ရွက်ကြတာပါ။ ဝိနည်းနဲ့ မညီလို့ ဆရာတော်တွေ အရေးယူတာ ဖြစ်မှာပါ”ဟု ၎င်းကဆိုသည်။ 

ထို့အပြင် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျောင်းသင်္ခမ်းများတွင် တည်းခို နေထိုင်ကာ အလှူခံနေသည့် ရဟန်း၊ ကိုရင်၊ သီလရှင်ပေါင်းခန့်မှန်း ၁၈၀ ခန့်ရှိပြီး ၎င်းတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

J-17


  • VIA