News

POST TYPE

REGIONAL

အဂတိ လိုက်စားမှုဖြင့် စွပ်စွဲခံရသည့် ပွင့်ဖြူတရားသူကြီး ထွက်ပြေး တိမ်းရှောင်
ရန်ကုန်၊ ဇန်န၀ါရီ ၁၁

မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံများထံမှ လာဘ်ငွေရယူ တရားစီရင်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စွပ်စွဲခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။

ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ယစ်မျိုးဥပဒေအရ တရားစွဲဆို ခံရသူများအနက် ၎င်းအား  ငွေပေးသူများကို ငွေဒဏ် ချမှတ်ခဲ့ပြီး ငွေ မပေးသူများကို ထောင်ဒဏ်သာ ချမှတ်ခဲ့သောကြောင့် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းအစိုးရအဖွဲ့ကို အရေးယူဖို့ တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားလိုက်တယ်။ အခုဆိုရင် တရားသူကြီးက တိမ်းရှောင်နေတယ်။ ပွင့်ဖြူမှာ မရှိဘူး”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။

ထိုသို့ တိုင်ကြားခဲ့ခြင်းကြောင့် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၁ (ဂ)(၃) နှင့်အညီ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးခဲ့သည်။

ထို့နောက် လွှဲပြောင်းတိုင်စာအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်ရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ရာ ဒေါ်အဉ္ဇလီမြရှိန်သည် ပွင့်ဖြူမြို့နယ် တရားရုံး၏ ရာဇသတ်ကြီးအမှတ် (၂၁၉/၂၀၁၆)၊ ယစ်မျိုးဥပဒေပုဒ်မ ၃၀ (က)အမှုတွင် အမှုပြီးပျက်စေရေးအတွက် အဆိုပါ အမှုအား လိုက်ပါ ဆောင်ရွက်သော အထက်တန်း ရှေ့နေမှတစ်ဆင့် ငွေကျပ် ငါးသိန်း တောင်းခံရယူခဲ့ခြင်းနှင့် ပွင့်ဖြူမြို့နယ် တရားရုံး၏ ရာဇသတ်ကြီး အမှုအမှတ် (၂၉၄/၂၀၁၆)၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅ (က) အမှုတွင် တရားခံအပေါ်  ပြစ်ဒဏ် သက်ညှာစွာ စဉ်းစားပေးနိုင်ရန် တရားခံ၏ ဇနီးဖြစ်သူထံမှ ငွေကျပ် ငါးသိန်း လက်ခံရယူခဲ့ခြင်းတို့ကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဖြစ်ပြီး ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆို အရေးယူရန် ဆောင်ရွက်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဇန်န၀ါရီ ၁၁ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

“အခုလည်း ဖြစ်စဉ်တွေ စစ်ဆေးနေရတယ်။ လာဘ်ပေး လာဘ်ယူပြီး ကိုယ်ကျိုးရှာတဲ့ ဖြစ်စဉ်တွေမှာ ကျူးလွန်တဲ့သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ အခုလို ကိစ္စရပ်တွေ မဖြစ်ပေါ်စေချင်ဘူး”ဟု မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးလှထွန်းက ပြောသည်။

သမ္မတ(ဟောင်း)ဦးသိန်းစိန် အစိုးရလက်ထက်၌ လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်းကြောင့်  ဟုမ္မလင်းမြို့နယ် တရားသူကြီးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်း အပါအ၀င် တရားသူကြီး အနည်းဆုံး ၃၈ ဦးကို အရေးယူခဲ့ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြင့်အောင် (တရားသူကြီး) က ပြည်သူ့လွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။              

J-17