News

POST TYPE

REGIONAL

တောင်ငူတွင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ ရေးဆွဲသော ဆော့ဖ်ဝဲ စမ်းသပ်သုံးစွဲ

တောင်ငူ၊ ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ ရေးဆွဲထားသော အုပ်ချုပ်ရေးပိုင်း လုပ်ငန်းများနှင့် သက်ဆိုင်သည့် နည်းပညာ ဆော့ဖ်ဝဲ တစ်ခုကို တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဇန်နဝါရီ ပထမပတ်မှ စတင်ကာ စမ်းသပ် သုံးစွဲနေကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။

“စမ်းသပ်သုံးစွဲတဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ ပြင်ဆင်ခိုင်းစရာလေးတွေကိုလည်း ပြင်ဆင်ခိုင်းထားပါတယ်၊ မြေဂရန် လျှောက်ထားမှု စာရင်းဇယားတွေ၊ ၀န်ထမ်းပိုင်းဆိုင်ရာ ကိုယ်ရေး အချက်အလက်တွေကို ရှာဖွေ သုံးစွဲလို့ရမယ့် အနေအထား ရှိပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကုန်လုံးတော့ သုံးစွဲလို့ ရမယ့် အနေအထားမျိုး မရှိသေးပါဘူး”ဟု ၎င်းက ရှင်းပြသည်။ 

တောင်ငူ ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး၏ ဦးဆောင် အားပေးမှုကြောင့် ကွန်ပျူတာ ထုတ်ကုန်ပြပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့ပြီး တက္ကသိုလ် ကျောင်းသားများ တီထွင် ရေးဆွဲထားသော ကွန်ပျူတာ ဆော့ဖ်ဝဲများကို တောင်ငူမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များကို ပေးအပ်ခဲ့ကြောင်း၊ ယင်းပေးအပ်ခဲ့မှုများအနက်  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပထမဦးဆုံး စမ်းသပ်သုံးစွဲရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများထံမှ စုံစမ်း သိရှိရသည်။

အုပ်ချုပ်ရေး ရုံးလုပ်ငန်းများနှင့် သက်ဆိုင်သည့် နည်းပညာ ဆော့ဖ်ဝဲကို တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား မောင်စည်သူလင်းထွဋ်က ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူ  ၇ ယောက် ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နည်းပညာ ထုတ်ကုန်ပြပွဲတွင် ထည့်သွင်း ပြသခဲ့ပြီး ထပ်မံ လိုအပ်နေသော အချက်အလက်များကို ပြင်ဆင် ရေးဆွဲပေးမည် ဖြစ်ကြောင်း ယင်းဆော့ဖ်ဝဲကို ဦးဆောင် တီထွင်ခဲ့သူ မောင်စည်သူလင်းထွဋ်က ပြောကြားသည်။

“မြေပုံစာရင်းတွေ မြေဂရန် လျှောက်ထားမှုတွေနဲ့ အခြား ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွေကို ထည့်သွင်း ရေးဆွဲထားပါတယ်၊ ဒီဆော့ဖ်ဝဲကို အဖွဲ့ဝင် ခုနစ်ဦးနဲ့ ကြိုးစားခဲ့တာပါ”ဟု ၎င်းက ရှင်းပြသည်။ 

၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နည်းပညာထုတ်ကုန်ပြပွဲတွင် ကွန်ပျူတာ တက္ကသိုလ် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ တီထွင် ဖန်တီးထားသည့် နည်းပညာ ဆော့ဖ်ဝဲ များစွာကို ထည့်သွင်းပြသခဲ့ပြီး KG တန်းနှင့်ဆိုင်သည့် ထုတ်ကုန်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် သုံးစွဲနိုင်သည့် ဆော့ဖ်ဝဲများ သာမက ကွန်ပျူတာ ပညာရပ် လေ့လာလိုသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လေ့လာနိုင်သည့် Product များကို ပြသခဲ့ကြောင်း တောင်ငူ ကွန်ပျူတာ တက္ကသိုလ် တာဝန်ရှိသူများထံမှ စုံစမ်း သိရှိရသည်။

R-15