POST TYPE

REGIONAL

ရေနည်းကာလ ရေယာဉ်သွားလာမှု အဆင်ပြေစေရေး ချင်းတွင်းမြစ်ကြောင်း ပြုပြင်မည်
ကလေး၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် အထက်ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်သို့ ရေယာဉ်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး ချင်းတွင်းမြစ်ကြောင်း ပြုပြင်မှုလုပ်ငန်းများကို ယခုလယ်မှ စတင်၍ မတ်လကုန်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဘုန်းကျော်စိန်က ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ငွေကျပ်သိန်း ၁၇၀ အသုံးပြုသွားမည် ဖြစ်ပြီး မုံရွာနှင့် မင်းကင်းမြို့အကြား သောင်ထွန်းမှု များပြားသည့် ရေတိမ်နေရာ သုံးခုကို ရွေးချယ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာ ရေလမ်းကြောင်း ပြုပြင်ရမယ့် နေရာများပေမယ့် ဘတ်ဂျတ်ပေါ် မူတည်ပြီး အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ မင်းကင်း၊ အလုံ၊ မုံရွာ စတဲ့ နေရာသုံးခုမှာ ပြုပြင်မှု လုပ်သွားမှာပါ” ဟု တိုင်းဦးစီးမှူး ဦးဘုန်းကျော်စိန်က ပြောသည်။

ချင်းတွင်းမြစ်ကြောင်း ပြုပြင်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၀၀၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၈၀၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၀၀ အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ချင်းတွင်းမြစ်ရေသည် ရေနည်းကာလတွင် မုံရွာနှင့် ကန္တီမြို့အကြား နေရာခုနစ်နေရာ၊ မော်လိုက်နှင့် ကလေးဝမြို့အကြား ခြောက်နေရာ၊ မော်လိုက်နှင့် ဖောင်းပြင်မြို့အကြား နှစ်နေရာ၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့အကြား ရှစ်နေရာခန့်သည် မြစ်ရေ နှစ်ပေကျော်ကျော်သာရှိခြင်း ရေအောက်ငုတ် များစွာရှိနေခြင်းကြောင့် ခက်ခဲစွာ သွားလာကြရသည်ဟု ရေယာဉ်မောင်းသူများက ပြောသည်။

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့နှင့် အထက်ခရီးစဉ်များကို ခရီးသည်တင်ရေယာဉ် အသင်း စုစုပေါင်း ကိုးသင်းမှ ရေယာဉ်အစီးရေ ၁၂၉ စီးဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းမှ ရေယာဉ်အစီးရေ ၄၇၀ စီးဖြင့် ပြေးဆွဲလျက်ရှိသည်။

ဓာတ်ပုံ - ငြိမ်းသူမင်း

R - 20