News

POST TYPE

REGIONAL

တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ
08-Jan-2017 tagged as တောဆင်ရိုင်း


တိုက်ကြီး၊ ဇန်နဝါရီ ၈

ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း အသက် ၁၂ နှစ်အရွယ် တောဆင်ရိုင်းတစ်ကောင် ပုပ်ပွ သေဆုံးနေပြီး အစွယ်နှင့် နှာမောင်း အဖြတ်ခံထားရကြောင်း ဥက္ကံမြို့ သစ်တော ဦးစီးဌာန တောအုပ် ဦးသက်နိုင်ဦးက The Voice သို့ ပြောကြားသည်။

တောဆင်ရိုင်း အသတ်ခံရမှု စာရင်းအရ ယခု အသတ်ခံရသော အသက် ၁၂ နှစ်အရွယ်ရှိ တောဆင်ရိုင်းသည် ၁၂ ကောင်မြောက်ဖြစ်သည်။

ဒေသခံများ၏ သတင်းပေးချက်အရ ပုပ်ပွသေဆုံးနေသော အဆိုပါ တောဆင်ရိုင်းကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက် ၂၁ မိုင်ခန့် အကွာတွင် သစ်တောဦးစီးဌာနက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကုန်းမြင့်ကနေ လျှောဆင်းလာတဲ့အရာ တွေ့တယ်။ ဒဏ်ရာရပြီး ဆင်းလာတာနဲ့ တူတယ်။ ပုပ်တော့နေပြီ။ ရှေ့လက် နှစ်ချောင်းက ရှေ့ကိုပစ်ပြီး နောက်ခြေနှစ်ချောင်းက ဒူးထောက်ပြီး သေဆုံးနေတာ တွေ့ရတယ်။ ဆင်အရေခွံနဲ့ အမြီးတော့ ကျန်တယ်။ နှာမောင်းနဲ့ အစွယ်က မရှိတော့ဘူး”ဟု တောအုပ် ဦးသက်နိုင်ဦးက ရှင်းပြသည်။

သေဆုံးနေသော တောဆင်ရိုင်းသည် အမြင့် ခုနစ်ပေ၊ အလျား ခုနစ်ပေခွဲနှင့် လုံးပတ် ကိုးပေရှိသည်။

ဆင်မုဆိုးများက အဆိပ်မြှားဖြင့် ပစ်ခတ်၍ ထိုသို့ အစွယ်နှင့် နှာမောင်းကို ဖြတ်ယူသွားခြင်း ဖြစ်နိုင်ပြီး သေဆုံးနေသည်မှာ သီတင်း နှစ်ပတ်ခန့်ကြာပြီဖြစ်ကြောင်း ဆင်ဆရာဝန် ဦးဖြိုးအောင်သူက သုံးသပ်သည်။

၂၀၁၅ခုနှစ်မှ ယခုနှစ်ဆန်းပိုင်းအထိ တိုက်ကြီးမြို့နယ်အတွင်း ရေဒီယိုကော်လာ တပ်ဆင်ထားသော တောဆင်ရိုင်းတစ်ကောင် အပါအဝင် တောဆင်ရိုင်း ၁၁ ကောင် အသတ်ခံခဲ့ရကြောင်း ဥက္ကံမြို့ သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

ထိုသို့ တောဆင်ရိုင်း သေဆုံးမှုများနှင့် ပတ်သက်၍ ဆင်ခိုးဂိုဏ်း အဖွဲ့ဝင်များဟု ယူဆရသူ ခြောက်ဦးကို ဒီဇင်ဘာလဆန်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဒီဇင်ဘာလ ၄ ရက်တွင် တရားခံ တစ်ဦးကို ဆင်သားခြောက်၊ တူမီးသေနတ် နှစ်လက်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိ၍ ဥက္ကနယ်မြေရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-19