News

POST TYPE

REGIONAL

တောင်ငူမြို့ လွတ်လပ်ရေးနေ့ပွဲတော် ဈေးသည်များ အရှုံးပေါ်

တောင်ငူ၊ ဇန်နဝါရီ ၈

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တောင်ငူမြို့၊ မိုင်ဒါကွင်းတွင် သီတင်း တစ်ပတ်ကြာ (ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်အထိ) ကျင်းပသည့် လွတ်လပ်ရေးနေ့ ပွဲတော်၌ ဈေးရောင်းချသည့် ဈေးသည်များ အရှုံးပေါ်ခဲ့ကြောင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများက ပြောကြားသည်။

ဆိုင်ခန်းငှားရမ်းခအဖြစ် ပျံကျဆိုင်ခန်း တစ်ခန်းလျှင် ကျပ်ခုနစ်သောင်း၊ ဆိုင်ခန်းကြီး တစ်ခန်းလျှင် ကျပ် သုံးသိန်း ပေးသွင်းရပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာသည့်အပြင် အစည်းကားဆုံး ပွဲတော်ရက်ဖြစ်သည့် ဇန်နဝါရီလ ၅ ရက်ညက မိုးရွာသွန်းမှုကြောင့် ဈေးဝယ်သူ နည်းပါးကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သင်ဖျူးဖျာ ရောင်းချသူ ဒေါ်ခင်ဆွေမြင့်က “ဆိုင်ခန်း လေးခန်းအတွက် ဆယ့်နှစ်သိန်း ပေးရပါတယ်။ မနှစ်က တစ်ရက် လေးငါးဆယ်သိန်း ရောင်းရတယ်။ ဒီနှစ် တစ်ရက်ရောင်းရမှ လေးသိန်းပေါ့။ ခုလိုမျိုး ဆိုင်ခန်း လေလံမြင့်နေတာကို အုပ်ချုပ်ရေးပိုင်းက လက်ခံရင် နောက်ဆို ဆယ့်နှစ်ပွဲသည်က ဒီပွဲကို ရှောင်သွားလိမ့်မယ်”ဟု ပြောကြားသည်။

တောင်ငူမြို့၊ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ပွဲတော်ရက်များအတွင်း ဈေးဆိုင်ခန်း ရောင်းချခွင့် လေလံကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် ၁၁ ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အနက် တောင်ကြီးမြို့ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ကျပ်သိန်း ၁၃၅၀ ဖြင့် လေလံ ရရှိခဲ့ခြင်း ဖြစ်သည်။

ပျံကျဈေးသည် ဒေါ်နီနီဝင်းက “ပျံကျသမားကို ကျပ် ရှစ်သောင်းလောက် တောင်းတယ်။ ပျံကျသာ ဆိုတယ် နေရာ သုံးနေရာလောက် ယူရတော့ သိန်းကျော်သွားတာပဲ။ ကိုယ်ရောင်းတဲ့ဟာက ဇီးသီး၊ လိမ္မော်သီးလောက်ဆိုတော့ ခွက်ခွက်လံပဲ”ဟု ပြောကြားသည်။

ယခင်နှစ်က ဈေးဆိုင်ခန်း ရောင်းချခွင့်ကို ကျပ်သိန်း ၇၇၀ ဖြင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက လေလံ ရရှိခဲ့သည်။ ဆိုင်ခန်း လေလံခများသည် လွန်ခဲ့သော သုံး၊ လေးနှစ်က ကျပ်သိန်း ၃၀၀ မှ ၄၀၀ ခန့်သာ ရှိခဲ့သည်။

တောင်ငူမြို့ခံတစ်ဦးက “၂၀၀၀ ခုနှစ် နောက်ပိုင်း လေလံဈေးတွေ မြင့်တော့ ပွဲဈေးသည်ကလည်း အမြတ်များဖို့ ဈေးကို ချိုချိုနဲ့ မရောင်းနိုင်ဘူး။ နောက်တစ်ခုက စပါးဈေး၊ ပဲဈေး မကောင်းတော့ ပွဲတော်က လူသာလာတယ်။ ဝယ်ခြမ်းစားသောက်တာ နည်းသွားတယ်”ဟု ဆိုသည်။

ယခုနှစ် ပွဲတော်ဖွင့်ခွင့်ကို ဇန်နဝါရီလ ၁၀ ရက်ကျော်အထိ တိုးမြင့်ဖွင့်လှစ်ခွင့် ပေးခဲ့သော်လည်း ဈေးဖွင့်လှစ်ရောင်းချခွင့် ထပ်မံ တောင်းခံသွားမည်ဟု အသိပေးပြောကြားထားကြောင်း ဆိုင်ခန်းဖွင့်လှစ်ထားသူများက ဆိုသည်။

လွတ်လပ်ရေး ပွဲတော်ရက်များအတွင်း ဇာတ်ပွဲများ၊ ကြည့်ချင်ပွဲများပါ ထည့်သွင်း ကျင်းပလေ့ရှိကာ တောင်ငူခရိုင် ခြောက်မြို့နယ်ရှိ ပွဲတော်များအနက် အထူး ထင်ရှားသည့် ပွဲတော် တစ်ခုဖြစ်ပြီး ဒေသတွင်း ကုန်စည်ဖလှယ်သည့် ပွဲတော် တစ်ခုလည်းဖြစ်ကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။

R-15