News

POST TYPE

REGIONAL

ကျိုင်းတုံရှေးဟာင်း မြို့အဝင် တံခါးများတွင် ဘာသာစကား လေးမျိုးဖြင့် အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူမည်
03-Aug-2016

ကျိုင်းတုံ၊ သြဂုတ် ၃

ရှမ်းစော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ကာ မြို့တည်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ရှေးဟောင်း အမွေအနှစ် မြို့ဝင် တံခါးများ နေရာတွင် ဘာသာစကား လေးမျိုးဖြင့် ရေးထွင်းထားသည့် အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

"ကျောက်စာတိုင် အားလုံးမှာ မြန်မာ၊ အင်္ဂလိပ်၊ ဂုံရှမ်းနဲ့ ရှမ်းကြီး ဘာသာစကား လေးမျိုး ရေးထွင်းမယ်။ ဒီကျောက်စာတိုင်တွေကို ကျိုင်းတုံ လူမှုကူညီရေး အသင်းက လှူဒါန်းပေးမှာဖြစ်ပြီး မကြာခင် ပြီးစီးခဲ့ရင် ဒီလထဲမှာ လွှဲပြောင်း လက်ခံပြီး စိုက်ထူပေးတော့မယ်"ဟု အဆိုပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ဆိုသည်။

ရှေးဟောင်း သုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေနှင့် ကျိုင်းတုံမြို့ ရှေးဟောင်း အမွေအနှစ် မြို့ရိုးနှင့် တံခါးပေါက်များကို စနစ်တကျ ထိန်းသိမ်းပြုစု စောင့်ရှောက်ကာ ဗွီနိုင်း ပိုစတာများ စိုက်ထူထားသော်လည်း မကြာခဏ ဖျက်ဆီးခံရ၍ ရေရှည် တည်ရှိနိုင်ရန်အတွက် ယင်းကျောက်စာတိုင်များ စိုက်ထူရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

ကျိုင်းတုံမြို့သည် ဂုံရှမ်းစော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ခဲ့ပြီး ကျုံးနှင့် မြို့ရိုးအပါအဝင် ဟော်နန်းကြီး တည်ရှိခဲ့သော်လည်း ဟော်နန်းကြီးမှာ ဖျက်ဆီးခံခဲ့ရပြီး ဟိုတယ်အဖြစ် ပြောင်းလဲ တည်ဆောက်ခံခဲ့ရသည့်အပြင် ရှေးဟောင်းမြို့ရိုးများမှာလည်း ကျုးကျော် နေထိုင်လာသူများကြောင့် သမိုင်း အမွေအနှစ်များ ပျောက်ကွယ်နေ၍ ပြန်လည် ဖော်ထုတ် ထိန်းသိမ်းရန် လိုအပ်ကြောင်း ယင်းမြို့ဒေသခံ အသက် ၇၀ ကျော်အရွယ် မြို့မိမြို့ဖ တစ်ဦးက သုံးသပ် ပြောကြားသည်။

ရွှေတြိဂံဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို အေဒီ ၁၈၁၉ ခုနှစ်တွင် စော်ဘွားကြီး စဝ်မဟာခါနန်က တည်ဆောက်ခဲ့ရာ ကျိုင်းလန်း၊ နောင်လိတ်၊ ဖာယန်၊ ယန်းပုန်၊ နောင်ဖာ၊ ကိုင်ဟိုက်၊ ယန်းကုန်း၊ စင်းမိုင်း၊ ငမ်ဖ၊ ပါလျန်၊ မင်္ဂလာနှင့် ယန်းခမ်း မြို့အဝင် တံခါး ၁၂ ပေါက်ရှိခဲ့ပြီး အဆိုပါမြို့ဝင်တံခါးများအနက် လက်ရှိတွင် ပါလျန် မြို့အဝင် တံခါးသာ ရှေးမူမပျက် တည်ရှိနေသည်။

  • VIA