News

POST TYPE

REGIONAL

ရေစကြိုဒေသခံ တစ်သိန်းခန့် ရေဘေးရှောင်နေရ၊ အရေးပေါ် အကူအညီများ လိုအပ်
03-Aug-2016 tagged as disaster2016

ရန်ကုန်၊ သြဂုတ် ၃

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေစကြိုမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် ချင်းတွင်းမြစ်တစ်လျှောက် ကျေးရွာပေါင်း ၅၀ ကျော်မှ ပြည်သူတစ်သိန်းခန့် ရေဘေးရှောင်နေရပြီး ရေစကြိုမြို့ပေါ်တွင် ရေဘေးရှောင်စခန်း ကိုးခု ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

"လောလောဆယ်တော့ ဖြူစင် ပရဟိတအသင်းက စည်ပင်၊ ထွေအုပ်တို့နဲ့ ပေါင်းပြီးနေစရာ၊ အိမ်သာစတာတွေကို လုပ်ပေးထားပါတယ်။ အစာရေစာလည်း မကြာခင် ပြတ်လပ်ပါတော့မယ်။ ရေကလည်း အနည်းငယ် တက်နေပါသေးတယ်။ အရှေ့ဘက် ကျွန်းရွာတွေက နွားတွေ မသယ်နိုင်သေးပါဘူး။ ငွေနဲ့ အကူအညီ များစွာ လိုနေပါတယ်"ဟု ဒေသခံ တစ်ဦးဖြစ်သည့် ဦးကျော်ဇင်ဦးက ပြောကြားသည်။

ရေစကြိုမြို့ပေါ် ဂူကြီးကျောင်း၊ တိုက်ကြီးကျောင်း၊ ရွှေတန်ဆာဘုရား၊ ဘိုအိုးကျောင်း၊ မင်းအိုတက်၊ တောတန်း လေးမျက်နှာဘုရား၊ တောင်သာကျောင်း၊ မစိုးရိမ်ကျောင်းတို့တွင် ရေဘေးရှောင် စခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရေစကြိုမြို့ခံ ကျူရှင်ဆရာက ရှင်းပြသည်။

"အဆိုးရွားဆုံးဒေသ ဖြစ်နေပါတယ်။ နှစ်မြစ် (ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်) ကြားဆိုတော့ ကျွန်းရွာတွေမှာ ကုန်းမြေ လုံးဝ မရှိတော့ပါဘူးခင်ဗျာ"ဟု ဦးကျော်ဇင်ဦးက ထပ်မံ ပြောကြားသည်။

ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် ရေလွှမ်းမိုးမှု အဆိုးရွာဆုံး အခြေအနေ ဖြစ်နေပြီး ကျွဲ၊ နွားများ ရေလွတ်ရာ ပြောင်းရွှေ့ရန် အရေးကြီး လိုအပ်နေကြောင်း၊ ပြောင်းရွှေ့ရန် စက်လှေ ငှားရမ်းရန် ခက်ခဲနေကြောင်း၊ ကျွဲ၊ နွား ၁၅ ကောင်ခန့်သာ တင်ဆောင်နိုင်သည့် စက်လှေ တစ်စီးလျှင် ကျပ် နှစ်သိန်းခန့် ပေး၍ ရေဘေးလွတ်ရာ ပြောင်းရွှေ့ရကြောင်း အဆိုပါ ကျေးရွာဒေသခံများက ပြောဆိုသည်။

  • VIA