News

POST TYPE

REGIONAL

သဘာဝဘေး လူမှုကွန်ရက်တွင် ချဲ့ကား မရေးရန် ခရိုင် အုပ်ချုပ်ရေးမှူး သတိပေး
03-Aug-2016 tagged as

ကလေး၊ သြဂုတ် ၂ 

ကလေးမြို့နယ်ရှိ ဖြစ်ပေါ်လာနိုင်သော ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် လိုအပ်သည်ထက် ပိုသော ပြည်သူကို ထိတ်လန့်စေမည့် အရေးအသားများ ရေးခြင်း၊ ဓာတ်ပုံများ တင်ခြင်း မပြုလုပ်ကြရန် ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က သြဂုတ်လ ၂ ရက်နေ့တွင် သတိပေး ပြောကြားသည်။ 

ကလေးမြို့သည် ချင်းတောင်တန်းပေါ်မှ ဖြတ်သန်း စီးဆင်းလာသည့် မြစ်သာမြစ်၊ နေရဉ္ဇရာ ချောင်းပေါင်းဆုံရာ အရပ်တွင် တည်ရှိပြီး  ချင်းတောင်ခြေတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ မိုးရာသီကာလ ချင်းတောင်တန်းပေါ်မှ စီးဆင်းလာသော တောင်ကျချောင်းရေနှင့် မြစ်ရေများ တိုးလာသည့်အခါ ၂ဝ၁၅ ခုနှစ်က ကြုံတွေ့ခဲ့ရသော သဘာဝ ဘေးအန္တရာယ်ကို ထပ်မံ ကြုံတွေ့ရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ကလေးမြို့အထက်ရှိ မြစ်သာဆည်မှာ ရေပြည့်နေသောကြောင့် မြစ်သာမြစ်ကြောင်းအတိုင်း ရေပိုလွှဲမှ ရေများ ထုတ်လွှတ်တော့မည်ဟု အသိပေးထားခြင်း၊ ကလေးမြို့အထက် နေရဉ္ဇရာချောင်းဖျားတွင်လည်း ရာဇဂြိုဟ်ဆည် တည်ရှိရာ မိုးဆက်တိုက် ရွာပြီး မြစ်ရေများ တိုးလာသည့်အခါ ဆည်များ ကျိုးကျပြီး ရေဘေးသင့်မည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေကြောင်း၊ ယင်းကဲ့သို့ ရေးသားမှုများမှာ အမှန်တကယ် မသိသူများအတွက် စိုးရိမ်မှု ပိုမို လွန်ကဲလာသောကြောင့် လိုအပ်သည်ထက် ပိုမိုရေးသားခြင်း မပြုရန် ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ရှင်းပြသည်။ 

''မနှစ်က ပုံတွေကို ဘာမှမရေးပဲ ကောက်တင်လိုက်တယ်၊ မသိသူတွေက အခုပဲ ဖြစ်နေသလိုမျိုး ထင်ကုန်တာ၊ အခုလည်း ရေဝင်နေပြီလို့ ရာဇဂြိုဟ်ဆည်ကြီး ဘာဖြစ်နေပြီတို့ ဆိုတာတွေ တက်နေတယ်ဆိုတာ တွေ့နေရတယ်၊ သဘာဝ ဘေးအန္တရာယ် ဥပဒေနဲ့ တရားစွဲဖို့ကလည်း ခက်တယ်၊ လိမ်တာတော့ မဟုတ်ဘူး မနှစ်က ဟာကိုဘာမှ မပြောပဲ ဒီအတိုင်း တင်လိုက်တော့ နားလည်မှု လွဲကုန်ကြတယ်''ဟု  ၎င်းက ပြောဆိုသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်အတွင်းက ကလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်း၊ နေအိမ်များနှင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြောင်း၊၂ဝ၁၆ ခုနှစ် ဇူလိုင်အထိ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ မပြီးပြတ်သေးချိန် ချင်းတောင်တန်းပေါ်တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်း၊ ကလေးဝမြို့ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်ခြင်းကြောင့်၊ ချင်းတွင်းမြစ်ရေ ထောက်ကာ မြစ်သာမြစ်ရေနှင့် နေရဉ္ဇရာချောင်း ဆုံရာ ကလေးမြို့ ရေကြီးမည်ကို ပြည်သူများ စိုးရိမ်နေမှုကို လျှော့ချရန် လုပ်ဆောင်နေကြောင်း ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး  ဦးအောင်ဇော်မိုးက ပြောကြားသည်။

ဇူလိုင် ပထမပတ်မှ စတင်ကာ  တာဝန် ရှိသူများအနေဖြင့် ကယ်ဆယ်ရေး စခန်း များ ချက်ချင်းဖွင့်လှစ်နိုင်ရန် ကြိုတင် လျာ ထားခြင်း၊ စားနပ်ရိက္ခာများ ဖြည့်တင်းထား ခြင်း၊ မြစ်ရေအခြေအနေကို စောင့်ကြည့် ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းကို အသိပေး အကြောင်းကြားစေခြင်း များ ပြုလုပ်ထား ကြောင်း  ဦးအောင်ဇော်မိုး ကပြောသည်။

  • VIA
  • TAGS