News

POST TYPE

REGIONAL

ညောင်ဦးမြို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း စိုးရိမ်ရေမှတ်အထက် အမြင့်ဆုံး ရေမှတ်သို့ ရောက်ရှိ
02-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် မြင့်တက်လျက်ရှိပြီး ညောင်ဦးမြို့သည် ယနေ့ (သြဂုတ် ၂ ရက်)တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်သို့ စံချိန်တင် ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယနေ့ (သြဂုတ် ၂ ရက်) မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၂၂၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းသည် နှစ်ပေါင်း ၅၁ နှစ်အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း၊ ယခင်အမြင့်ဆုံး ရေမှတ်မှာ ၂၀၀၄ ခုနှစ် ဇူလိုင် ၂၉ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရေမှတ်မှာ ၂၂၆၃ စင်တီမီတာ ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် မန္တလေး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ မကွေးမြို့၊ ဆိပ်သာမြို့၊ ပြည်မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ အစရှိသည်မြို့ကြီးများတွင်လည်း စိုးရိမ်ရေမှတ်အထက် မြစ်ရေ ရောက်ရှိနေပြီး လူနေရပ်ကွက် အများစုတွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ အရေးပေါ် ရေဘေး ကယ်ဆယ်ရေးနှင့် အထောက်အပံ့ အကူအညီများ လိုအပ်လျက် ရှိနေကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အလားတူ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့် ငဝန်မြစ်တို့တွင်လည်း စိုးရိမ်ရေမှတ် အထက်သို့ မြစ်ရေ ရောက်ရှိနေရာ ရေကြီးရေလျှံမှု အန္တရာယ်ကို ဆက်လက် ကြုံတွေ့ရဖွယ် ရှိနေကြောင်း၊ ဧရာဝတီမြစ်တွင် ညောင်ဦးမြို့မှစ၍ မြစ်အောက်ပိုင်း မြို့ကြီးများတွင် မြစ်ရေ ဆက်လက် မြင့်တက်နေသည့်အတွက် ရေဘေးအန္တရာယ်ကို ကြိုတင် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ် ပြောဆိုသည်။

  • VIA
  • TAGS