News

POST TYPE

REGIONAL

သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျုးကျော် လုပ်ကိုင်သည့် ပုစွန်ကန်များကို ဖျက်ဆီး အရေးယူ
01-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ကြာကန်ကွင်းပေါက် ကြိုးဝိုင်းအတွင်း ဒီရေတောများ ပျက်စီးစေသည့် တရားမဝင် ကျုးကျော် ပုစွန်ကန်များကို ဖျက်ဆီး အရေးယူမည်ဖြစ်ကြောင်း မြောင်းမြခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

အဆိုပါ သစ်တော ကြိုးဝိုင်းအတွင်း အကွက်အမှတ် ၁၈ တွင် ၄၅ ဧကအရွယ် တရားမဝင် ပုစွန်ကန် တစ်ခုကို ဇူလိုင်လ ၃၀ ရက်နေ့က ဖျက်ဆီးပြီး အရေးယူခဲ့ကြောင်း၊ အလားတူ အကွက်အမှတ် ၂၅ ၊ ၂၇ ၊ ၂၈၊ ၃၁ နှင့် ၃၂ တို့တွင်လည်း တရားမဝင် ပုစွန်ကန်များ လုပ်ကိုင်လျက် ရှိနေသည့်အတွက် စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တခြားကြိုးဝိုင်း ဒီရေတော နေရာတွေကိုလည်း ကွင်းဆင်း လေ့လာရဦးမယ်။ လောလောဆယ်တော့ တရားမဝင် ကျူးကျော် လုပ်ကိုင်နေတာ ငါး ဦးလောက် ရှိနေသေးတဲ့အတွက် ဆက်လက် အရေးယူသွားမယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

တရားမဝင် ပုစွန်ကန်များသည် လက်ကျန် ဒီရေတောများကို ပျက်စီးစေသည့် အဓိက လုပ်ငန်းဖြစ်ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းက စတင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယင်းဒေသတွင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် ၂၀၁၃ ခုနှစ်အတွင်းက ကျုးကျော်စာရင်း ကောက်ယူပြီး နောက်ပိုင်းတွင် ပိုမိုများလာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

ဒီရေတောများကို ထင်း၊ လောင်စာ လိုအပ်ချက်အရ ခုတ်ယူမှုများသည့်အပြင် လယ်မြေနှင့် ပုဇွန်ကန်များအဖြစ် ပြောင်းလဲ အသုံးချခြင်းတို့ကြောင့် ပြုန်းတီးမှု ပမာဏများကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဒီရေတောများသည် တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ပေါက်ရောက်လေ့ရှိပြီး ဟက်တာပေါင်း ငါးသိန်းကျော်ရှိကြောင်း မြိတ်တက္ကသိုလ်၏ သုတေသနပြု လေ့လာထားချက်အရ သိရသည်။

  • VIA
  • TAGS