News

POST TYPE

REGIONAL

စားသုံးသူ အခွင့်အရေးများကို ကာကွယ်ရန် ကျိုင်းတုံ၌ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဟုဆို
01-Aug-2016 tagged as

ကျိုင်းတုံ၊ သြဂုတ် ၁

အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ထံမှ တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများကို အဓိက စားသုံးနေရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စားသုံးသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်အတွက် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့ပြည်နယ် ဒုတိယ စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ အနေနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များကို ဖွဲ့စည်း၍ စားသုံးသူများ၏ နစ်နာမှုများကို ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျိုင်းတုံခရိုင်တွင် ဇူလိုင်လ နောက်ဆုံးပတ်က အဆိုပါ အဖွဲ့ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယင်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးခင်အောင်သွင်က ပြောကြားသည်။

"ဒီအဖွဲ့အနေနဲ့ စားသုံးသူတွေက စားသုံးကုန်တွေနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ တိုင်ကြားလာရင် လုပ်ငန်း တာဝန်များအပြင် ဥပဒေပါ လုပ်ငန်း တာဝန်များနဲ့အညီ နစ်နာမှုများကို ဖြေရှင်း ပေးရမှာပါ"ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်များတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာသည့် စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်များနှင့် စံချိန်မမှီ စားသောက်ကုန်များကို ဈေးကွက်များ၌ ရောင်းချနေသော်လည်း မည်သည့် အဖွဲ့အစည်းကမှ တားမြစ် အရေးယူခြင်း မရှိကြောင်း ယင်းဒေသခံများက ပြောကြားသည်။

"ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာကို စားသုံးရန် မသင့်တဲ့ တရုတ် အစပ်မုန့်တွေနဲ့ တရုတ်ငုံးဥတွေ စားလို့ ကျေးရွာ မူလတန်း ကျောင်းသား ကျောင်းသူ ခြောက်ဦး အစာ အဆိပ်သင့်လို့ ဆေးရုံ တက်လိုက်ရတယ်။ ဒီလို မဖြစ်အောင် နယ်စပ် ဝင်ပေါက်တွေကတည်းက သေချာစိစစ်ပြီးမှ တင်သွင်းခွင့်ပြု ပေးသင့်တယ်"ဟု ကျိုင်းတုံမြို့ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခရိုင် အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်းမာရေး၊ ပညာရေး၊ စားသုံးသူရေးရာ စသည့် ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်းရှင်များ ပါဝင်သည့် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များကို အဖွဲ့ဝင် ၉ ဦးမှ ၁၁ ဦးအထိ ပါဝင်ဖွဲ့စည်းရန် ညွှန်ကြားထားကြောင်း သိရသည်။

  • VIA
  • TAGS