POST TYPE

REGIONAL

အင်းလေးကန် အရေးပေါ်ကယ်ဆယ်ရန်လိုဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြော
01-Aug-2016

တောင်ကြီး၊ ဇူလိုင် ၃၁

ပြည်တွင်းခရီးသွားများ သာမက နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်သော အင်းလေးကန်၏ လက်ရှိအနေအထားမှာ သေအံ့ဆဲဆဲ လူမမာကဲ့သို့ အရေးပေါ် ကယ်ဆယ်ရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ခန်းမ၌ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပသည့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် United Nilar Agribusiness တို့၏ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ဒေသခံ တိုင်းရင်းသားများ အနေနှင့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို မမျှော်လင့်ဘဲ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာထွန်းလှိုင်က ပြောဆိုသည်။
“အင်းလေးကန်က ဘာဖြစ်နေသလဲဆိုရင် သေအံ့ဆဲဆဲ ဖြစ်နေတဲ့ လူမမာလိုပဲ အရေးတကြီး အရေးပေါ် ကယ်ဆယ်ရမယ့် အနေအထားမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စား လာရောက်လည်ပတ်သည့် အင်းလေးကန်ကြီး ရေရှည်တည်တံ့ရေးသည် ရှမ်းပြည်နယ်သူ ပြည်နယ်သားများ သာမက တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ရာနေရာ ဖြစ်ကြောင်း အသက် ၃၀ အရွယ် အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် United Nilar Agribusiness တို့က ကျေးရွာ အုပ်စု ၃၅ စုအတွက် ကျပ်သိန်း ၁၇၀ ကျော် (၁၇,၀၇၆,၅၀၀) တန်ဖိုးရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး အော်ဂဲနစ် ဆေးပစ္စည်းများနှင့် စိုက်ပျိုးပင်များ ပေးအပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်နှင့် မြေဆီလွှာပျက်စီးမှု မရှိစေရန် သင်တန်းသား ၄၀၀ ကို ကျွမ်းကျင်ပညာရှင်များဖြင့် နှစ်ရက်တာ သင်တန်းပို့ချမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

ကျေးလက်နေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ရွှေဒေသရှိ ကျေးရွာ ၂၂ ရွာသို့ မြစိမ်းရောင်ချေးငွေအဖြစ် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်းလည်း ရှမ်းပြည်နယ် ကျေးလက်ဒေသ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြောဆိုသည်။