News

POST TYPE

REGIONAL

ရေနစ်သေဆုံးနေသည့် တောဆင်ရိုင်းကို မီးရှို့ဖျက်ဆီး
31-Jul-2016

တောင်ငူ၊ ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ မကြာခဏ ဖမ်းဆီးသတ်ဖြတ် ခံနေရသည့် ကျောက်တံခါးမြို့ မြို့ချောင်းကျေးရွာ ရဲနွယ်ဆည် ရေထိန်းတံခါးနားတွင် မြှားဒဏ်ရာ တစ်ချက်ဖြင့် ရေနစ် သေဆုံးနေသော တောဆင်ရိုင်းကို ဇူလိုင် ၃၀ ရက် ညနေပိုင်းက လူအားဖြင့် ဆွဲယူကာ မီးရှို့ ဖြတ်ဆီးခဲ့ကြောင်း ကျောက်တံခါးမြို့နယ်သစ် တောဦးစီးဌာနဦးစီးမှူး ဦးစန်းယုက ပြောကြားသည်။

"တောဆင်ရိုင်းက ရဲနွယ်ဆည် ရေထိန်းတံခါးနားမှာ ဇူလိုင်၂၉ ရက် နံနက်ပိုင်းက ရေနစ် သေဆုံးနေတာကို တွေ့တဲ့ ဒေသခံတွေက သတင်းပေးလို့ သွားကြည့်တဲ့အခါ ရေနစ် သေဆုံးနေတယ် ပြောပေမဲ့ မြှားဒဏ်ရာ တစ်ချက် တွေ့ရတယ်။ မြှားဆိပ်ကြောင့် ရေနစ် သေဆုံးတယ်လို့ ယူဆရပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခု တွေ့ရှိသည့် တောဆင်ရိုင်းမှာ စွယ်စုံဆင် အမျိုးအစား ဆင်အထီးဖြစ်ပြီး အစွယ် တစ်ဖက်လျှင် လုံးပတ် ငါးလက်မခန့်၊ အရှည် တစ်လက်မကျော်စီရှိကြောင်း၊ အရပ်အမြင့် ကိုးပေ၊ လုံးပတ် ၁၃ ပေခန့်ရှိပြီး လည်ကုပ်နေရာတွင် အဆိပ်လူးမြှား အကျိုး တစ်ချောင်း ကျန်ရှိနေခဲ့ပြီး ဆင်ခိုးဂိုဏ်းနှင့် တွေ့၍ မြှားဒဏ်သင့်စဉ် ဆည်ထဲ ထွက်ပြေးခဲ့ပုံရကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ယင်းကဲ့သို့ တောဆင်ရိုင်းကို မီးရှို့ဖျက်ဆီးခဲ့ရခြင်းမှာ တောဆင်ရိုင်းပုတ်ကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများ ကျန်းမာရေး ထိခိုက်နိုင်ခြင်းမှ ကင်းဝေးစေရေးအတွက် ဖြတ်ယူထားသော ဆင်စွယ်နှစ်ချောင်းကို သစ်တောရေးရာဦးစီးဌာန ရုံးချုပ်သို့ ပေးပို့ သွားမည်ဖြစ်သည်ဟု ကျောက်တံခါး သစ်တောဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်တံခါးမြို့နယ် ရဲနွယ် သစ်တော ကြိုးဝိုင်းအနီးရှိ မြို့ချောင်း၊ ဖဒို အစရှိသည့် ကျေးရွာအနီးတစ်ဝိုက် နေရာများတွင် ဆင်ပစ်မုဆိုးများ လက်နက် အပြည့်အစုံဖြင့် လှုပ်ရှားမှုများ ရှိနေပြီး သစ်တောဦးစီးဌာန သစ်တောရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတောနင်း ရှာဖွေမှုများ ရှိပါက ခဏတာ လှုပ်ရှားမှု ရပ်တန့်သွားလေ့ ရှိကြောင်း ဖဒိုနယ်မြေရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သော တစ်လကျော် ဇွန် ၁ ရက် ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အနောက်ပဲခူးရိုးမ တောတွင်း တစ်နေရာ၌ အသက် ၄၀ ခန့်အရွယ် တောဆင်ရိုင်း (ဟိုင်းဆင် အမျိုးအစား) တစ်ကောင်ကို အဆိပ်လူးမြှားဖြင့် ပစ်ခတ်ကာ အရေခွံ ထုတ်ယူရန် ကြိုးပမ်းမှုများ ဖြစ်ပွားခဲ့ဖူးပြီး တရားခံများကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ် ခဲ့သော်လည်း ဖမ်းဆီး ရရှိခဲ့ခြင်း မရှိကြောင်း ဖဒိုနယ်မြေရဲစခန်းမှ သိရသည်။


  • VIA