News

POST TYPE

REGIONAL

ဥက္ကံတွင် တောင်ကျချောင်းရေကြောင့် နေအိမ် ၁၀၀ ခန့်နှင့် လယ်ဧက ၈၀ ခန့် ရေနစ်မြုပ်
08-Aug-2019


တိုက်ကြီး၊ သြဂုတ် ၈

တိုက်ကြီးမြို့နယ်၊ ဥက္ကံ၊ ဖလုံရွာမကျေးရွာအုပ်စုတွင် မိုးသည်းထန်ပြီး တောင်ကျချောင်းရေများ၍ သြဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီခန့်မှစ၍ နေအိမ် ၁၀၀ ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး လယ်ဧက ၈၀ ခန့်လည်း ရေနစ်မြုပ်နေကြောင်း ဖလုံရွာမကျေးရွာအုပ်စု ကျေးရွာသားများထံမှ သိရှိရသည်။

ဖလုံရွာမကျေးရွာအုပ်စုဒေသခံ ဦးဝင်းနိုင်က “ညဘက်က မာဂရီချောင်းက တာကျိုးပြီး ရေဝင်တာ။ ညဘက်ဆိုတော့ ဘယ်မှ ပြောင်းလို့မရတော့ အဝတ်အစားတွေ၊ စက်ပစ္စည်းတွေ ရေတွေ စိုကုန်တယ်။ ခုတော့ ကယ်ဆယ်ရေး မီးသတ်တွေတော့ ပြောင်းရွှေ့ပေးဖို့ လာနေပါတယ်”ဟု ပြောကြားသည်။

ရေဝင်၍ နေအိမ်များတွင်ဆင့်များခံကာ နေထိုင်နေကြောင်းနှင့် လတ်တလောတွင် နေအိမ်တစ်လုံးကိုပြောင်းရွှေ့နေပြီး မကြာမီ အိမ်များထပ်မံပြောင်းရွှေ့ရမည့်အနေအထားရှိကြောင်း ရေနစ်မြုပ်နေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူးကိုမျိုးနိုင်က ပြောကြားသည်။

ရေနစ်မြုပ်မှုအခြေအနေကို တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားပြီး နေအိမ်တစ်လုံးကို ပြောင်းရွှေ့ထားပြီး ရေမှာထပ်တက်နေကြောင်း၊ အဆိုပါဒေသတွင် အိမ်ခြေ ၁၀၀၊ လူဦးရေ ၃၀၀ ကျော်ရှိကြောင်း ဖလုံရွာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြညွန့်က ပြောကြားသည်။

R-19