News

POST TYPE

REGIONAL

ရေနံချောင်းအဓိကရုဏ်း ၂၇ ဦး ရေနစ်သေဆုံးခဲ့ဟု ဆေးစစ်ချက်ဖော်ပြ
06-Aug-2019

ချောက်၊ သြဂုတ် ၆

ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းရွာနှင့်ကန်သာရွာ မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွား အဓိကရုဏ်းတွင် ဆယ်ယူရရှိသည့်အလောင်း ၂၇ လောင်းမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးစစ်ချက်များကိုကိုးကား၍ ယင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

ထိုအလောင်း ၂၇ လောင်း၏ ဆေးစာပြန်ကြားချက်တွင် ရေနစ်ပြီး အသက်ရှုမွန်းကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းအနက် သုံးလောင်းတွင် တုန်းသောလက်နက် သာမန်ဒဏ်ရာတွေ့ရသဖြင့် သေမှုသေခင်းဖွင့်ထားရာမှ ပုဒ်မပြောင်း၍ အမှုဖွင့်ရန် စီစဉ်နေကြောင်း ယင်းရဲစခန်းမှူး ရဲအုပ်မိုးညိုက ရှင်းပြသည်။

ယင်းဖြစ်စဉ်အကြောင်း မကွေးတိုင်းအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၆ ရက်တွင် ဖရဲကျွန်းရွာမှ တစ်ဦး၊ ကန်သာရွာမှ လေးဦးကိုစစ်ဆေးနေပြီး အခင်းဖြစ်ပြီးချိန်မှ သြဂုတ် ၆ ရက်အထိ နှစ်ရွာပေါင်းမှ ရွာသား ၄၀ ခန့်ကို စစ်ဆေးပြီးဖြစ်ကြောင်း ရေနံချောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါအဓိကရုဏ်းတွင် ကယ်ဆယ်ရေး စလုပ်သည့်နေ့မှ သြဂုတ်လ ၅ ရက်အထိ သေဆုံးသူအလောင်း ၂၈ လောင်း (တစ်လောင်းအတွက် ဆေးစာမရသေးပေ) ပြန်လည်ရရှိပြီး နှစ်ဦးကို အသက်ရှင်လျက်ပြန်ရခဲ့ကြောင်း၊ ကျန် ၁၀ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး အရေးပေါ် ရှာဖွေကယ်ဆယ်မှုကို ရပ်နားထားပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခံရသူ ဖရဲကျွန်းရွာသူ မဝါဝါလွင်က “တိုင်းမှူးတွေကို ပြောလိုက်ပါတယ်။ ဆရာတို့ စဉ်းစားကြည့်လိုက်ပါ။ ဒီစက်လှေက ကမ်းနားမှာ။ စက်လှေက သူအလိုလို နစ်တယ်ဆိုတာ နီးစပ်နိုင်ပါ့မလားလို့။ ရေလယ်ခေါင်မလို့ ဒီစက်လှေနစ်တယ်၊ ဘာညာပြောတယ်ဆိုရင် ထားပါ”ဟု ပြောကြားသည်။

“လက်နဲ့လှေကို ဆွဲတဲ့လူဆိုရင် လက်ကိုမြင်ရင် လက်ကိုလှမ်းခုတ်ချပါတယ်။ ခေါင်းလေးပေါ်လို့ရှိရင် ခေါင်းကိုလေးခွတွေနဲ့ထု၊ သူတို့က ဒီမှာပါတဲ့လူတွေအကုန် သတ်မှာသတ်မှာ ကြိမ်းဝါးပြီး အငြိုးကြီးကြီးနဲ့ သတ်တာပါဆိုပြီး ကျွန်မ ပြန်ဖြေခဲ့တယ်ရှင့်”ဟု မဝါဝါလွင်က ထပ်မံပြောကြားသည်။

လတ်တလောတွင် အဓိကရုဏ်းနှင့်ပတ်သက်၍ ဖရဲကျွန်းရွာဘက်မှ ဖရဲကျွန်းရွာသား ကိုသန်းဦးနှင့် ကန်သာကျေးရွာဘက်မှ အုပ်ချုပ်ရေးမှူး ကိုသန်းဦး၊ ကန်သာကျေးရွာအိမ်ပိုင်ရှင် ဦးမောင်ဝင်း၊ ဦးဝင်းဦးတို့ လေးဦးကိုရဲတပ်ဖွဲ့က အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၂၃ရက်က ဖရဲကျွန်းရွာသားများက ၎င်းတို့ကျေးရွာပိုင် မြေနုကျွန်းပေါ်တွင် ကန်သာကျေးရွာဘက်မှ နေအိမ်များ ကျူးကျော်ဆောက်လုပ်သည်ဆိုကာ စက်လှေဖြင့် သွားရောက်ဖျက်ဆီးရာမှ နှစ်ဖက်ရွာအဓိကရုဏ်းဖြစ်ပြီး လူ ၂၈ ဦးသေဆုံးခဲ့ကာ ၁၀ ဦး ပျောက်ဆုံးနေခြင်းဖြစ်သည်။

R-24