News

POST TYPE

REGIONAL

ပုသိမ်အထည်ချုပ်စက်ရုံဆန္ဒပြမှု အချက် ၁၇ ချက် သဘောတူညီမှုရ
05-Aug-2019
ပုသိမ်၊ သြဂုတ် ၅

ပုသိမ်မြို့ စက်မှုဇုန်ရှိ Amava Apparel အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆိုချက် ၁၉ ချက်နှင့်ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားများညှိနှိုင်းရာ သြဂုတ် ၄ရက်အထိ ၁၇ချက်ကို သဘောတူညီမှုရခဲ့ကြောင်း ယင်းစက်ရုံအုပ်ချုပ်မှုအဖွဲ့ထံမှ သိရှိရသည်။

အလုပ်သမားများ၏ဆန္ဒမပါဘဲ အလုပ်ဌာနရွှေ့ပြောင်းခြင်းမလုပ်ရန်၊ တိကျသည့်အလုပ်တာဝန်ကို သတ်မှတ်ပေးရန်၊ ဥပဒေနှင့်အညီ ခံစားခွင့်ရက်များကို လုပ်အားခ မဖြတ်တောက်ဘဲ ခွင့်ပေးရန်၊ အကြောင်းမဲ့ အလုပ်မထုတ်ရန်၊ လစာကျန်အလုပ်သမားများကို လုပ်အားခပေးရန်၊ လုပ်ကိုင်နိုင်စွမ်းရှိသည့် အထည်စံချိန်ကိုသာ အလုပ်ရှင်က ညှိနှိုင်းတောင်းဆိုရန်၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမရှိစေရန် စသည့်အချက် ၁၇ ချက်ကို သဘောတူခဲ့ခြင်းဖြစ်သည်။

ယင်းစက်ရုံလူမှုဆက်ဆံရေးတာဝန်ခံ ဦးရန်နိုင်စိုးက “အဝေးသင်စာမေးပွဲဖြေသူတွေ လစာမဲ့ခွင့် ၄၅ ရက်ပေးဖို့ရယ်၊ အလုပ်ထုတ်ခံထားရသူတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလုပ်ပြန်ခန့်ပေးရေးဆိုတဲ့အချက် ၂ ချက်ပဲကျန်ပါတယ်။ ရက်မှန်ကြေး ဖြတ်တောက်တာကိုလည်း တစ်သောင်းကျပ်ကနေ ငါးထောင်ကျပ်အထိ ဖြေလျှော့ပေးထားပါတယ်”ဟု ပြောကြားသည်။

အဝေးသင်စာမေးပွဲ ဖြေဆိုသူများကိုလည်း စာမေးပွဲဖြေဆိုပြီးပါက အလုပ်ပြန်လျှောက်လျှင် ဦးစားပေးမည်ဖြစ်ကြောင်း၊ အလုပ်ထုတ်ခံထားရသူ ဒေါ်အေးအေးထက်ကို အလုပ်ပြန်ခန့်ထားပေးရေး တောင်းဆိုချက်ကို သက်ဆိုင်ရာဌာနများနှင့် ဥပဒေကြောင်းအရ ဖြေရှင်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အလုပ်ထုတ်ခံထားရသူအပေါ် တရားမျှတမှု ရှိ၊ မရှိ စစ်ဆေးရာ၌ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးစေချင်ကြောင်း၊ စာမေးပွဲဖြေပြီးသူများကို အလုပ်ပြန်ခန့်ပေးရေးတွင်လည်း တိကျရေရာသော တာဝန်ခံမှု ပေးရန်လိုအပ်ကြောင်း အလုပ်သားများက ပြောဆိုကြသည်။

သဘောတူညီမှုရသည့် ၁၇ ချက် အပါအဝင် တောင်းဆိုချက် ၁၉ ချက်ကို အလုပ်သမားများစုပေါင်း၍ ဇူလိုင် ၂၉ ရက်က စက်ရုံအတွင်း၊ အပြင်နေရာများတွင် လုပ်ငန်းခွင်မပျက် ဆန္ဒပြတောင်းဆိုခဲ့ကြသဖြင့် အစိုးရ၊ စက်ရုံတာဝန်ရှိသူများနှင့် ဆန္ဒပြအလုပ်သမားခေါင်းဆောင် ၇ ဦးတို့ ဆွေးနွေးမှုအရ ယင်းသို့ အချက် ၁၇ ချက်ကို သဘောတူညီမှုရခြင်းဖြစ်ကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခက ပြောကြားသည်။

R-12