News

POST TYPE

REGIONAL

ထားဝယ်ရှိ တက္ကသိုလ်သုံးခုတွင် ကလပ်နှစ်ဆယ်နီးပါး ဖွဲ့စည်း
05-Aug-2019

ထားဝယ်၊ သြဂုတ် ၅

ထားဝယ်ဒေသရှိ တက္ကသိုလ်သုံးခုတွင် ကျောင်းသူ၊ ကျောင်းသားများ ဖွဲ့စည်းထားသည့်ကလပ် နှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ကြောင်း ကျောင်းသားသမဂ္ဂများထံမှ သိရသည်။

တက္ကသိုလ်များတွင် ကျောင်းသူ၊ ကျောင်းသားများ ဝါသနာတူရာ စုစည်း၍ ကလပ် (အသင်းအဖွဲ့) များကို ယမန်နှစ်က စတင်ဖွဲ့စည်းလာကြခြင်းဖြစ်ပြီး ယခုပညာသင်နှစ် ပထမနှစ်ဝက်တွင် ကလပ်ပေါင်း ၁၇ ခု ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း ယင်းသမဂ္ဂများထံမှ သိရသည်။

နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် ခရီးဝေးလမ်းလျှောက်၊ ကြက်တောင်၊ ဓာတ်ပုံ၊ ဂီတာ၊ လက်မှုပညာ၊ e-Sport စသဖြင့် ကလပ် ၁၁ ခု ဖွဲ့စည်းထားပြီး ထားဝယ်တက္ကသိုလ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပန်းချီ၊ သွေးအလှူရှင်၊ အိမ်တွင်းမှု စသဖြင့် ကလပ် ငါးခုဖွဲ့စည်းထားသည်။

ကွန်ပျူတာတက္ကသိုလ်တွင်မူ ဘတ်စကက်ဘောကလပ်ဖွဲ့စည်းထားကြောင်း ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

“ကလပ်တွေရှိလာတော့ ကျောင်းသားတွေက ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲ အခြားပညာရပ်ပိုင်းဆိုင်ရာတွေပါ ပိုပြီး လေ့လာပြီးသားဖြစ်သွားတယ်။ ကျောင်းသားအချင်းချင်းလည်း ရင်းနှီးမှုတွေ ပိုရလာတယ်”ဟု ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးက ဆိုသည်။

ပျော်စရာကောင်းပြီး အသိပညာကြွယ်ဝသည့် တက္ကသိုလ်ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းသားများသမဂ္ဂက ယင်းကလပ်များကို ၂၀၁၈ ဒီဇင်ဘာလဝန်းကျင်က စတင်ဖွဲ့စည်းခဲ့ကြသည်။

ယင်းနောက် ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) တို့ရှိ ကျောင်းသားများသမဂ္ဂများကပါ ယင်းသို့ ကလပ်များကိုဖွဲ့စည်းလာကြပြီး လက်ရှိတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ဝင်အချင်းချင်း အတတ်ပညာများ ဖလှယ်ခြင်း၊ ပညာရှင်များကိုဖိတ်ခေါ်ကာ သင်တန်းပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။

ယင်းတက္ကသိုလ်သုံးခုသည် နောက်ထပ် စာအုပ်ကလပ်၊ အားကစားနှင့်သက်ဆိုင်သည့်ကလပ်များကိုပါ ထပ်မံဖွဲ့စည်းရန် စီစဉ်နေကြောင်း ယင်းကျောင်းသားများ သမဂ္ဂများထံမှ သိရသည်။

Dawei Watch