News

POST TYPE

REGIONAL

ပဋိပက္ခဖြစ်ခဲ့သည့် ပြန်လှည့်ရွာတွင် လျှပ်စစ်ဓာတ်အားလိုင်းဆက်ဆွဲရန် သဘောတူညီမှုရ
04-Aug-2019


မုံရွာ၊ ဩဂုတ် ၎

ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့သည့် ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာတွင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ကျေးရွာထံမှ သဘောတူညီမှုရခဲ့ကြောင်း ပြည်သူ့လွှတ်တော် ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောကြားသည်။

“၃၁ နေ့ကဖြစ်သွားတာကို ရှေ့အဆင်ပြေအောင် ဘယ်လိုလုပ်မလဲဆိုတာ ရွာနဲ့ သဘောတူညီမှုယူတာ။ ထွေအုပ်ကရော လျှပ်စစ်ကရော လာတယ်။ ရွာဘက်ကလည်း မီးလိုင်းဆွဲတာကို ဘာမှမလုပ်ဘဲ အောင်မြင်အောင်ဆွဲဖို့၊ အုပ်ချုပ်ရေးမှူးဘက်ကလည်း အရေးမယူဖို့၊ အနီးစပ်ဆုံး ညှိနှိုင်းလို့ရပါတယ်။ ရွာမီးကော်မတီနဲ့ သက်ဆိုင်ရာထွေအုပ်နဲ့ ညှိလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ဇူလိုင် ၃၁ နေ့က ၁၁ ကေဗီ ဓာတ်အားလိုင်းကို ပြန်လှည့်ရွာ ၉ လမ်းက ဖြတ်သန်းကာ အုန်းတောရွာသို့ မီးလိုင်းဆွဲရန် တိုင်စိုက်ရာမှ ရဲတပ်ဖွဲ့နှင့် ကျေးရွာဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရော်ဘာ ကျည်ဖြင့်ဖြိုခွဲမှုဖြစ်ပွားခဲ့ရာ ကျေးရွာသားလေးဦး ရော်ဘာကျည်ထိမှန် ပေါက်ပြဲဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၃ ရက်နေ့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးတို့က အဆိုပါကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိ ပြန်လှည့်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးလုပ်ဆောင်ရာ ထရမ်စဖော်မာနှစ်လုံး ထိုင်၍ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်ခဲ့ပြီး ယမန်နှစ်က မီးလင်းခဲ့ကာ ကျပ်သိန်း ၉၀၀ ကျော် ကုန်ကျခဲ့ကြောင်း ပြန်လှည့်မီးလင်းရေး ကော်မတီထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ကျေးရွာနှစ်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ပြန်လှည့်ကျေးရွာအတွင်းမှဖြတ်ပြီး လျှပ်စစ်မီးတိုင် စိုက်ထူခြင်းလုပ်ငန်း လုပ်ဆောင်နေသည့် နေရာသို့ ပြန်လှည့်ကျေးရွာသား ၁၀၀ ဦးခန့်ရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်းဖြတ်၍ စိုက်ထူနေသည့် မီးတိုင်များကိုနုတ်ပေးရန် လျှပ်စစ်မီးကြိုးသွယ်တန်းလိုပါက ရွာအပြင်မှသွယ်တန်းရန် လာရောက်ဟန့်တားသဖြင့် စိုက်ထားသည့် မီးတိုင်များကိုနုတ်ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာရန် ပြုလုပ်နေစဉ် လျှပ်စစ်ဝန်ထမ်းများနှင့် ကရိန်းကားများ ပြန်လည်ထွက်ခွာ၍ မရစေရန် ရွာသားများက ပိတ်ဆို့ခဲ့သည့်အပြင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပါဝင်သည့် ဌာနပေါင်းစုံမှ တာဝန်ရှိသူများကို ကျေးရွာသူ ကျေးရွာသားများမှ ဆဲဆို ခဲဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြုလုပ်သည့်အတွက် ဌာနဆိုင်ရာများနှင့်အတူ လိုက်ပါလာသည့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ရာမှ ပြန်လှည့်ကျေးရွာနေ ဦးကြည်ထွန်း၊ ဦးမျိုးထွန်း၊ ဦးကျော်ဇင်မောင်နှင့် ဦးဘိုကျော်တို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

R-08