News

POST TYPE

REGIONAL

အမြန်လမ်းအနီး တောဆင်ရိုင်းနှစ်ကောင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်း၍ ဘေးမဲ့တောအတွင်း ပြန်လွှတ်
03-Aug-2019


တိုက်ကြီး၊ သြဂုတ် ၃

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၇) အနီးတွင် တောဆင်ရိုင်း (၂) ကောင် ဝင်ရောက်လာသဖြင့် မြိုင်ဟေဝန် ဆင်စခန်းမှ သစ်ထုတ်လုပ်ရေး ဆင်(၃)ကောင်ဖြင့် ယနေ့( သြဂုတ် ၃ ရက်) နံနက် ၈ နာရီတွင် မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်း၍ သာယာဝတီခရိုင် မင်းလှမြို့နယ် မြောက်ဇာမရီ ဘေးမဲ့တောသို့ ပို့ဆောင်နေကြောင်း မြိုင်ဟေဝန် ဆင်စခန်းမှ သစ်အုပ်ကြီး ဦးမောင်မောင်ချေက ပြောသည်။

“တောဆင်နှစ်ကောင်က ၅ နှစ်သားနဲ့ ၇ နှစ်သား အထီးနှစ်ကောင်ပါ မေ့ဆေးသေနတ်နဲ့ ပစ်ပြီး မေ့တော့မှ ကြိုးတုတ်ပြီးကားပေါ်တင်ရပြီး ဒီနေ့ မနက် ၁၀ နာရီကို မြောက်ဇာမရီ ဘေးမဲ့တောကို ပို့ဆောင်မှာဖြစ်ပါတယ်” ဟု သစ်တောရဲတပ်မှ ဒုရဲမှူးအောင်လှိုင်စိုးက ပြောသည်။

အဆိုပါ တောဆင်ရိုင်းနှစ်ကောင်သည် တိုက်ကြီးတောဘက်မှ ဇူလိုင်လ ဒုတိယပတ်တွင် အမြန်လမ်း မိုင်တိုင်အမှတ် (၁၇)နှင့်(၁၆)တွင် ရောက်ရှိကျက်စားနေသည့်အတွက် မေ့ဆေးသနတ်ဖြင့် မိုင်တိုင်အမှတ် (၁၆) မိုင် ၄ ဖာလုံတွင် ဖမ်းဆီးရမိကြောင်း တောဆင်ရိုင်းဖမ်းဆီးအဖွဲ့မှ ဆင်ဦးစီး ဦးကျော်ဆန်းအောင်က ပြောသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှ အမြန်လမ်း မိုင်တိုင် ၁၇ အနီးတွင် ညအချိန် တောဆင်ရိုင်းနှစ်ကောင် လမ်းဖျက်ကူးနေသည်ကို တွေ့ရှိ၍ ကားများ အန္တရယ်ရှိနိုင်သည့်အတွက် သစ်တောဦးစီးဌာနသို့ အကြောင်းထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ကြီးမြို့နယ်ရှိ တောဆင်ရိုင်းများကြောင့် ၂၀၁၆ ခုနှစ်တွင် ၂ ဦး ၂၀၁၇ ခုနှစ်တွင် ၃ ဦး ၂၀၁၈ တွင် ၂ ဦး ၂၀၁၉ ခုနှစ် ဇွန်လ ပထမပတ်တွင် ၂ ဦး ဆင်းနင်းကာ သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ် ရဲမှတ်တမ်းများအရ သိရသည်။

R-19