News

POST TYPE

REGIONAL

ပုသိမ်တွင် H1N1 သံသယလူနာ အမျိုးသမီးတစ်ဦး သေဆုံး
02-Aug-2019

ပုသိမ်၊ ဩဂုတ် ၂ ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံတွင် H1N1 သံသယရှိသူ အမျိုးသမီးတစ်ဦး ယနေ့ (သြဂုတ် ၂ ရက်)က သေဆုံးခဲ့ကြောင်း “မနောဖြူ”လူမှုကူညီရေးအဖွဲ့(ပုသိမ်)ထံမှ သိရသည်။

သာပေါင်းမြို့နယ်၊ ဖန်ခါးကုန်းကျေးရွာနေထိုင်သူ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးမှာ ကျန်းမာရေးမကောင်းသဖြင့် နံနက်ပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပြီး မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“သေပြီး ချက်ချင်းပဲ သရောင်းချောင်းမီးသြင်္ဂိုဟ်စက်မှာ ယနေ့ မွန်းလွဲ ၃ နာရီခွဲလောက်က သြင်္ဂိုဟ်လိုက်တယ်။ လိုက်ပို့ကိုင်တွယ်သူအားလုံးကို ကာကွယ်ဆေးတွေ ထိုးပေးတယ်”ဟု မျက်မြင်တွေ့ရှိသူ ဦးအောင်နိုင်က ပြောသည်။

ယခုကဲ့သို့ သေဆုံးခြင်းနှင့်ပတ်သက်၍ ပုသိမ်ဆေးရုံကြီး ကုသရေးဌာနသို့ The Voice Daily က အတည်ပြုမေးမြန်းခဲ့သော်လည်း လာမည့်တနင်္လာနေ့မှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်မာရေးဦးစီးဌာန၏ သြဂုတ်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ H1N1 ရာသီတုပ်ကွေးရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၆၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဦး အပါအဝင် တစ်နိုင်ငံလုံးတွင် ၈၂ ဦး သေဆုံးခဲ့သည်။

R-12