News

POST TYPE

REGIONAL

ထားဝယ်မြို့ရှိ မီးပွိုင့်အချို့ အဆင့်မြှင့်မည်
02-Aug-2019


ထားဝယ်၊ ဩဂုတ် ၁

ထားဝယ်မြို့အတွင်းရှိ မီးပွိုင့်အချို့ကို ယခုဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် မီးပွိုင့် ၁၁ ခု ရှိသည့်အနက် အုန်းတောလမ်းဆုံ၊ မြိတ်တန်းလမ်းဆုံ၊ လမ်းဆုံကြီးနှင့် ရုံးကြီး လမ်းဆုံတို့ရှိ မီးပွိုင့်များကို ဒစ်ဂျစ်တယ် မီးပွိုင့်အသစ်များ အစားထိုးတပ်ဆင်မည်ဖြစ်ပြီး တိုင်များကိုလည်း လဲလှယ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဥတ္တံတားကြီးလမ်းဆုံနှင့် ကရပ်ပြင် လမ်းဆုံရှိမီးပွိုင့်များကိုမူ မီးပွိုင့်တပ်ထားသည့် တိုင်များကိုသာ လဲလှယ်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောကြားသည်။

အထက်ပါမီးပွိုင့် ၇ ခုတွင် တပ်ဆင်ထားသည့် တိုင်အမြင့်မှာ ၁၅ ပေသာ ရှိသည့်အတွက် ၁၉ ပေခွဲ မြင့်သည့်တိုင်များ အစားထိုး လဲလှယ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ယခင်ရှိနေပြီးတဲ့ မီးပွိုင့်တွေက အခုလက်ရှိမှာ နိမ့်နေတာပေါ့နော်၊ ကားကြီးတွေ သွားမယ်လာမယ်ဆို မလွတ်ဘူး”ဟု အမှုဆောင်အရာရှိက ပြောဆိုသည်။

လက်ရှိမီးပွိုင့်များသည် အရောင် မှိန်နေခြင်း၊ မီးပွိုင့်တိုင်များ နိမ့်နေခြင်းတို့ကြောင့် အသစ်လဲလှယ်တပ်ဆင်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိမီးပွိုင့်အများစုမှာ နိမ့်နေသည့်အတွက် ကားကြီးတစ်စီး မီးပွိုင့်တွင် စောင့်နေပါက နောက်မှယာဉ်များက မီးပွိုင့်ကို မမြင်ရတော့ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ပြောကြားသည်။

“မြင့်မြင့်မှာ တပ်နိုင်ရင် ပိုကောင်းတယ်။ ကားတွေနဲ့လွတ်ပြီး အဝေးကနေ လှမ်းမြင်နိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

သို့ရာတွင် မှာယူတပ်ဆင်မည့် မီးပွိုင့်များ၏ အရည်အသွေး ကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခင်က တပ်ဆင်ခဲ့သည့် ဒီဂျစ်တယ် မီးပွိုင့်အချို့သည် တပ်ဆင်ပြီး မကြာမီမှာပင် ချို့ယွင်းပျက်စီးခဲ့သည်။

မီးပွိုင့်များပြုပြင် အစားထိုးခြင်းလုပ်ငန်းများကို ကျပ်သိန်း ၃၆၀ ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ပစ္စည်းများကို မှာယူထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် မီးပွိုင့် ၁၁ ခု ရှိသည့်အနက် ၄ ခုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

Dawei Watch