News

POST TYPE

REGIONAL

NLD အစိုးရလက်ထက် လွတ်လပ်စွာပြောဆိုခွင့် ပျောက်ဆုံးနေဟု ဖမ်းဆီးခံ ကရင်နီလူငယ်ပြောဆို
01-Aug-2019


တောင်ငူ၊ ဩဂုတ် ၁

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးလက်ထက် လွတ်လပ်စွာပြောဆိုခွင့် ပျောက်ဆုံးနေကြောင်း လွိုင်ကော်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မှု ဆန့်ကျင်ကန့်ကွက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ကိုမျိုးလှိုင်ဝင်းက ပြောဆိုသည်။

ကယားပြည်နယ်အစိုးအဖွဲ့ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာကွယ်ပေးရေးဆိုင်ရာဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခံထားရသဖြင့် လွိုင်ကော်တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ဩဂုတ် ၁ ရက် ရုံးချိန်းတွင် ၎င်းကယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အစိုးရကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်သမိုင်းမှန် ပြန်ဖော်ထုတ်နေတာပါ။ ကျွန်တော်တို့ထုတ်ပြန်ချက်နဲ့ အခု တရားစွဲခံထားရတဲ့ပုဒ်မနဲ့လည်း ဘယ်လိုမှမပတ်သက်ဘူးလို့ ထင်ပါတယ်”ဟု ကရင်နီလူငယ် မျိုးလှိုင်ဝင်းက ပြောကြားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးကို ကရင်နီအမျိုးသား သစ္စာဖောက်များအဖြစ် ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းသို့ထုတ်ပြန်သဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က တရားလိုပြသက်သေ ၈ ဦးတင်သွင်းခဲ့ပြီး လွိုင်ကော်တရားရုံးတွင် လက်ရှိအချိန်အထိ စစ်ဆေး၍မပြီးဆုံးသေးကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ ဥက္ကဋ္ဌ ခွန်ဘားနဒ်ပုဒ်က ပြောကြားသည်။

“ကနေ့ (ဩဂုတ် ၁ ရက်) မနက်ဆယ်နာရီလောက်မှာ တရားလိုပြသက်သေ ရဲမှူးတစ်ယောက်ကိုစစ်ဆေးတယ်။ နောက်ရုံးချိန်းကို လာမယ့် ၁၅ ရက်ပြန်ချိန်းခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကန့်ကွက်နေကြသည့် ကရင်နီလူငယ်များကို ပြည်နယ်အစိုးရက အကြိမ်ကြိမ်တရားစွဲဆို အမှုဖွင့်ခဲ့ပြီး လက်ရှိ နိုင်/လွတ်/လုံ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခံထားရသူခြောက်ဦးမှာ ခွန်ကြူးဖဲကေး၊ ခွန်သောမက်စ်၊ ပျားလေး၊ ဒီးဒီ၊ ခွန်မျိုးလှိုင်ဝင်းနှင့် ခူးရီဒူးတို့ဖြစ်သည်။

R-15