News

POST TYPE

REGIONAL

ဆလုံများကို အသက်ကယ်အင်္ကျီထောက်ပံ့ခြင်းမှာ လုပ်ထုံးလုပ်နည်းအရဖြစ်ကြောင်း ဝန်ကြီးပြော
30-Jul-2019


ပုံစာ - ညောင်ဝိကျေးရွာမှ ဆလုံလှေငယ်များ။
ထားဝယ်၊ ဇူလိုင် ၃၀

ဆလုံလူမျိုးများကို အသက်ကယ်အင်္ကျီ(Life jacket) ထောက်ပံ့မည်ဆိုခြင်းမှာ လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောလုကာက သိရသည်။

ဆလုံလူမျိုးများ လုပ်ကိုင်စားသောက်ရန်အတွက် လှေများ ထောက်ပံ့ပေးရာတွင် လှေထောက်ပံ့ပါက အသက်ကယ်အင်္ကျီပါ ပူးတွဲထောက်ပံ့ရသည့် အစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း ထောက်ပံ့ရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီးစောလုကာက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏  သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ဆလုံလူမျိုးများအား လှေနှင့် အသက်ကယ်အင်္ကျီ(Life jacket) များ ဝေငှပေးမည့်ကိစ္စကို ထည့်သွင်းပြောဆိုခဲ့ရာ ရေကူးကျွမ်းကျင်သည့် ဆလုံများအား Life jacket ဝေမည်ဆိုသည့်ကိစ္စ လူအများကြား ပြောဆိုဝေဖန်မှုအချို့ ရှိခဲ့သည်။

“လှေပေးတယ်ဆိုတော့ လှေတစ်စီးပေးရင် အသက်ကယ်အင်္ကျီ တစ်ထည်ပါရမယ်၊ သူတို့(ဆလုံတို့)ကို အနီးကပ် သွားပြောပြတော့ ဒါကိုလက်ခံနိုင်စွမ်းရှိတယ်၊ ဒါကြောင့်ပါ”ဟု ဝန်ကြီးက ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ ဂျာအုံး၊ ကော့သောင်းခရိုင်အတွင်းရှိ ဂျာလန်း၊ မကြုံကလက်၊ ညောင်ဝိ၊ လငန်း စုစုပေါင်း ရွာ ၅ ရွာအတွက် ကျပ်သိန်း ၄၀ တန်ကြေးရှိ လှေ ၂ စီးစီထောက်ပံ့သွားမည်ဟု ဝန်ကြီး စောလုကာက ပြောဆိုခဲ့ဖူးသည်။

ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ငွေအဖြစ် ယခု ၂၀၁၉ ခုနှစ်တွင် ကျပ်သန်း ၁၀၀ သုံးစွဲသွားရန် လျာထားခဲ့ပြီး ယင်းလျာထားငွေမှ အထက်ပါ လှေဝယ်ယူထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်သည်။

Dawei Watch