News

POST TYPE

REGIONAL

ရွှေပေါ်ကျွန်းကျောင်း ပဋိပက္ခနှင့်ပတ်သက်၍ လူသုံးဦးကို စတင်ဖမ်းဆီး
20-Jul-2019
မိတ္ထီလာ၊ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာရှိ စေတော်ဝင် ရွှေပေါ်ကျွန်း သာသနာပြု စခန်းဝင်းအတွင်း၌ နေထိုင်သူများနှင့် ဒေသခံရွာသားများ အပြန်အလှန် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်၍ ရွှေပေါ်ကျွန်းကျေးရွာမှ လူသုံးဦးကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ ရွှေပေါ်ကျွန်းကျေးရွာနေ ကိုမာ (၄၅ နှစ်)၊ ကိုသန့်စင်ကျော် (၂၅ နှစ်)နှင့် မအေးအေးသင်း (၃၅ နှစ်)တို့ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ ရွှေပေါ်ကျွန်းကျောင်း ဆရာတော် ဦးကုမာရကို ရွှေပေါ်ကျွန်းကျောင်းတွင် ယခုနှစ်ဝါဆိုရန် ကျေးရွာသားများကခွင့်မပြုဘဲ လိုချင်သည့်ပစ္စည်းများယူ၍ ထွက်ခွာသွားရန် ပြောဆိုထားခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ခေါင်းဆောင်အချို့က ဝါဆိုမည့်ကိစ္စနှင့်ပတ်သက်ပြီး အထက်ဌာနသို့ စာတင်ထားသည့်အတွက် အချိန်တစ်ခုစောင့်ပေးရန် ဥပဒေနှင့်အညီလုပ်ရန် စည်းရုံးပြောဆိုထားသော်လည်း မရရှိဘဲ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ရွှေပေါ်ကျွန်းသာသနာပြုစခန်းသို့ ဒေသခံလူအင်အား တစ်ရာကျော်ခန့်က တုတ်၊ လေးခွ၊ သံတုတ်နှင့် ခဲများ ကိုင်ဆောင်၍ ကျောင်းဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ကာ ပဓာနဆရာတော် ဦးကုမာရ၏ ကျောင်းတိုက်သို့ဆက်လက် ဝင်ရောက်ပြီး ဆရာတော်နှင့် ကျောင်းအတွင်းရှိ လူငါးဦးကိုရိုက်နှက်ခြင်း၊ ကျောင်းပိုင်မော်တော်ယာဉ်ကို ဖျက်ဆီးခြင်းနှင့် ကျောင်းဆောင်ကိုဖျက်ဆီးခြင်း၊ ဆရာတော်ပိုင် ငွေကျပ်သိန်း ၂၃၀ နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို ယူဆောင်သွားခြင်းတို့ကြောင့် ဆရာတော်၏တူဖြစ်သူ ဦးအောင်စိုးက တရားလိုပြုကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းဖြစ်စဉ်တွင် ရွှေပေါ်ကျွန်း ဆရာတော်မှာ ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသည်။ 

အဆိုပါတိုင်ကြားမှုကို နယ်မြေခံ နှောကန်ရဲစခန်းက (ပ) ၃၆/၂၀၁၉ ရာဇ သတ်ကြီးပုဒ်မ ၄၅၂/ ၃၃၆/ ၃၂၅/ ၃၂၃/ ၂၈၅/ ၄၂၇/ ၁၁၄ တို့ဖြင့် ရွှေပေါ်ကျွန်းကျေးရွာရှိ အမည်သိအမျိုးသမီးနှင့် အမျိုးသား ၁၂ ဦးနှင့် အမည်မသိ အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း ၁၀၀ ဦးခန့်ကို ဇူလိုင်လ ၁၃ ရက်နေ့က အမှုဖွင့်ထားခဲ့သည်။

R-01