News

POST TYPE

REGIONAL

သောက်သုံးရေအတွက် တရားမဝင်​​ ရေငုတ်​သွယ်​ယူ​သူများကို အရေးယူမည်
18-Jul-2019

မ​ကွေး၊ ဇူလိုင်​ ၁၇

မ​ကွေးမြို့တွင်​ သောက်သုံးရေအတွက် တရားမဝင်​​ ရေငုတ်​သွယ်​ယူ​နေသူများကို စစ်​​ဆေးကာ ဒဏ်​ငွေရိုက်မည်​ဖြစ်​ကာ ဒဏ်​​ငွေမဆောင်​ပါက တရားစွဲဆိုသွားမည်​ဖြစ်ကြောင်း ယင်းမြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီအဖွဲ့ ဥက္ကဌ ဦးဖိုးနီက ​ပြောကြားသည်​။

လွန်​ခဲ့​သော (၁၀) နှစ်​​ကျော်​ကတည်းကပင် လက်​ရှိအချိန်​ထိ သောက်သုံးရေ တရားမဝင်​​ ရေငုတ်​သွယ်​တန်းထားသူများရှိသဖြင့်​ စည်​ပင်​သာယာ​ရေး​ကော်​မတီက လွန်​ခဲ့​သော (၃) လခန့်က စတင်​ကာ ထိုသို့ လုပ်ဆောင်ခြင်းမပြုရန် ​​ကြေညာထားပြီးဖြစ်သည့်အတွက် ယခုလကုန်​ပိုင်းတွင်​ စစ်​​ဆေးအ​ရေးယူမှုများ ပြုလုပ်​သွားမည်​ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်​။

ထိုသို့ တရားမဝင်​​ရေငုတ်​သွယ်​ယူထားသူများကို ကျပ်​တစ်​သိန်းမှ သုံးသိန်းအထိ ဒဏ်​​ငွေသတ်​မှတ်​ထားပြီး ဒဏ်ငွေမ​ဆောင်​ပါက မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေးအဖွဲ့က တရားစွဲဆိုသွားမည်​ဖြစ်​သည်​။

"ဒီလို တရားမဝင်​​ရေငုတ်​သွယ်​တာက ပြည့်​သူ့ဘဏ္ဍာကို ခိုး​နေတာနဲ့အတူတူပဲ။ တရားမဝင်​​ရေငုတ်​သွယ်​တာ​တွေရှိ​နေတာ​တော့ အ​သေအချာပဲ။ သုံးတဲ့နှစ်​​တွေကလည်း ကြာ​နေပြီ။ ဒါ​ကြောင့်​ စစ်​​ဆေးအ​ရေးယူဖို့လုပ်​ရတာပါ"ဟု မ​ကွေးမြို့နယ်​ စည်​ပင်​သာယာရေး​ကော်​မတီအဖွဲ့ဥက္ကဌ ဦးဖိုးနီက ဆိုသည်​။

မ​ကွေးမြို့နယ်​တွင်​ သောက်သုံးရေအတွက် စက်​​ရေတွင်း​ပေါင်း (၂၄) ခုနှင့်​ မြစ်​​ရေတင်​စီမံကိန်းတစ်​ခုတို့က တစ်​​နေ့လျှင်​ တစ်နာရီအတွင်း ​ရေဂါလံ​ပေါင်း (၅၀၀၀) မှ (၇၀၀၀) ကြား​ ပေးဝေလျက်ရှိသည်​။

R-23