News

POST TYPE

REGIONAL

ရေကို ငွေလိုသုံးရပါတော့မည်
13-Nov-2016
၁၉၈၇ ခုနှစ် မေလအလယ်တွင် စာရေးသူသည် စင်ကာပူ နိုင်ငံသားနှစ်ဦးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာ့သစ်လုပ်ငန်း အထပ်သားစက်ရုံသို့ တာဝန်အရ သွားခဲ့ရပါသည်။ စက်ရုံမှာ ပုသိမ်မြို့မှ ရှစ်မိုင်ခန့် ကွာဝေးသော ‘ရွှေမြင်တင်’ ရွာအနီး ‘ငဝန်’ မြစ်နံဘေးတွင် တည်ရှိသည်။ အချိန်မှာ နေ့လယ် ၁ နာရီဝန်းကျင် ဖြစ်၍ ကဆုန်လ၏ ပြင်းပြသောနေက ခြစ်ခြစ်တောက် ပူနေပါသည်။ ကားလမ်းမှာ ကတ္တရာတစ်ကွက်၊ ကျောက်တစ်ကွက်ဖြင့် လမ်းပျက်ဖြစ်သည်။ စီးလာကြသော ဌာနဆိုင်ရာ မော်တော်ယာဉ်တွင် လေအေးပေးစက် မရှိသဖြင့် ပိတ်လှောင်ပူအိုက်နေပြီး နိုင်ငံခြားသားနှစ်ဦးခမျာ ချွေးဒီးဒီးကျလျက် ရှိသည်။ ထိုခေတ်က တံခါးပိတ်ကာလ ဖြစ်၍ နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု နည်းပါး၏။ မြန်မာနိုင်ငံအကြောင်း ကောင်းစွာ မသိကြချေ။

လမ်းဘေးရှိ အရိပ်ညိုညို ကုက္ကိုပင်အိုကြီး တစ်ပင်အောက် ရောက်သောအခါ မော်တော်ယာဉ်ရှေ့ခန်းမှ ထိုင်လိုက်လာသော နိုင်ငံခြားသားတစ်ဦးက ယာဉ်မောင်းကို ရပ်ခိုင်းပြီး ကားပေါ်မှဆင်းကာ ကုက္ကိုပင်အောက်သို့ ဝင်သွား၏။ စာရေးသူလည်း ကျန်နိုင်ငံခြားသားတစ်ဦးနှင့်အတူ လိုက်သွားရလေသည်။ သူတို့နှစ်ဦး ကုက္ကိုပင်ကြီးအောက်ရှိ ‘သောက်ရေချမ်းစင်’ ကလေးကို အဘက်ဘက်မှ တဖျပ်ဖျပ် ဓာတ်ပုံရိုက်ယူကြ၏။ “လမ်းမှာ ဒါမျိုးသုံးလေးခု တွေ့ခဲ့ရတယ် ဘာတွေများလဲ” ဟု မေးလာကြသည်။ စာရေးသူက ‘သောက်ရေချမ်းစင်’ ဟုပြောပြရာ သဘောမပေါက်ကြချေ။ “ဘာအတွက် လုပ်ထားတာလဲ၊ ဘယ်သူက လုပ်ခိုင်းတာလဲ၊ အစိုးရက လုပ်ခိုင်းတာလား၊ ရေကို ဘယ်သူက လာဖြည့်ပေးသလဲ။ ပိုက်ဆံပေး ဝယ်ရသလား။ ပိုက်ဆံကို ဘယ်သူလာသိမ်းသလဲ ...” စသည်ဖြင့် မြန်မာ့နားတွင်  ထူးဆန်းသော မေးခွန်းများကို တစ်သီကြီး ဝိုင်းမေးကြတော့၏။

မြေသောက်ရေအိုး သုံးလုံး၏ အောက်ခြေမှ စပါးပင်ပေါက် စိမ်းနုနု ကလေးများကို အလွန်စိတ်ဝင်စားကြသည်။ ဘာအတွက် စိုက်ထားသည်ကို မေးသည်။ သစ်သားအရိုး ကောက်ကောက်လေး တပ်ထားသည့် ‘အုန်းမှုတ်ခွက်ငယ်’ ကိုလည်း စိတ်ဝင်တစား တဖျပ်ဖျပ် ဓာတ်ပုံရိုက်ကြသေးသည်။ “ပလတ်စတစ်ခွက် ဘာကြောင့်မသုံးတာလဲ” ဟု မေးပြန်၏။ စာရေးသူက Environmental Friendliness (သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဖက်မှု) ဟု ငုံးတိတိဖြေလိုက်ရာ နှစ်ဦးသား သဘောတွေကျပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေတော့သည်။ သောက်ရေချမ်းစင် နဖူးစီးတွင် လက်ရေးကြမ်းဖြင့် ရေးသားထားသော ‘ကျန်းမာချမ်းသာကြပါစေ’ စာပိုဒ်ကိုလည်း စပ်စုကြသေး၏။ စာရေးသူက ‘သောက်ရေချမ်းစင် ဋီကာ’ ကို ချဲ့ပြလိုက်လေသည်။ ၎င်းအပြင် ‘ရေအကျိုးဆယ်ပါး’ ကိုလည်း မတောက်တခေါက် အင်္ဂလိပ်စကားဖြင့် ကြိုးစားရှင်းပြလိုက်သေးသည်။ လုံးစေ့ပတ်စေ့တော့ နားလည်ပုံ မရကြ။

တစ်ဦးက မြေသောက်ရေအိုး သုံးလုံး၏ အဖုံးကို ဖွင့်ကာအတွင်းမှ ရေကို စစ်ဆေးကြည့်သည်။ သူတို့ သောက်ခွင့်ရှိသလားဟု မြန်မာ့နားတွင် အဝင်မချောသော စကားဖြင့် မေးလာပြန်သည်။ စင်စစ် ကဆုန်လ နေပူပူတွင် သူတို့ ရေငတ်နေကြပါသည်။ ကားထဲတွင်လည်း သောက်ရေ ပါမလာ။ ထိုခေတ်က ရေသန့်ဘူး မပေါ်သေးပေ။ စာရေးသူက မည်သူမဆို သောက်နိုင်ကြောင်း ပြောပြပါသည်။  တစ်ဦးက ပြည့်နေသောရေအိုးမှ ရေတစ်ခွက်ခပ်ကာ တဂွပ်ဂွပ်မြည်အောင် သောက်ချလိုက်၏။ Good ဟု လက်မထောင်ပြကာ နောက်တစ်ခွက် သောက်လိုက်ပြန်သည်။ ထိုပုဂ္ဂိုလ်မှာ လူဝကြီး ဖြစ်၍ တစ်ခွက်နှင့် မလုံလောက်ပေ။ ထိုပုဂ္ဂိုလ် ရေသောက်နေစဉ် ဘေးနားက ရပ်ကြည့်နေသော နိုင်ငံခြားသားမှာ အာခေါင်ခြောက်သဖြင့် တံတွေးမျိုချလျက် ရှိသည်။ လူဝကြီး လှမ်းပေးသော အုန်းမှုတ်ခွက်ဖြင့် ထိုသူ တစ်ခွက်ခပ်သောက်လိုက်ပြီး ‘Very Nice’ (သိပ်ကောင်း) ဟု ဥဒါန်းကျူးရင့်လိုက်လေသည်။

သူတို့နှစ်ဦး ကုက္ကိုပင်ကြီး အရိပ်အောက်ရှိ သစ်တုံးဆွေးကြီးပေါ်တွင် လေတဖြူးဖြူးနှင့် အနားယူနေကြသည်။ လူဝကြီးက ပြောပြပါသည်။ သူသည် သစ်အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံ အတော်များများကို ရောက်ခဲ့ဖူးကြောင်း၊ ကျေးလက်တောရွာများကို ဖြတ်သန်း၍ တောထဲအထိ အရောက်သွားဖူးကြောင်း၊ မည်သည့်နေရာတွင်မျှ ဤကဲ့သို့ စေတနာ့ဝန်ထမ်း ရေအခမဲ့ ပေးဝေမှုမျိုး မတွေ့ဖူးကြောင်း တအံ့တသြ ပြောပြပါသည်။ ‘မြန်မာကွ’ ဟု စာရေးသူက လက်မထောင်ပြလိုက်၏။ ခရီးဆက်၍ ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ လမ်းမပေါ်တွင် မော်တော်ယာဉ် ရုတ်တရက် ရပ်သွားလေသည်။ ရှေ့ခန်းက လူဝကြီး လက်ညှိုးညွှန်ရာကို လှမ်းကြည့်လိုက်ရာ ဧရာမ ‘ညောင်မုတ်ဆိတ်’ ပင်ကြီး တစ်ပင်ကို တွေ့မြင်ရ၏။ “အဲဒီအဆောက်အအုံ ကလေးထဲက သောက်ရေအိုးတွေ ဘယ်ရောက်သွားသလဲ” ဟု မေးလာပြန်သည်။ သောက်ရေချမ်းစင် မဟုတ်၊ နတ်စင်ဖြစ်ကြောင်း မနည်းရှင်းပြရပါသည်။ ပြုံးစရာ အကွက်လေးပါ။

ယခုအခါတွင်ကား မြေအိုးသောက် ရေချမ်းစင်ကလေးများ ရှားပါးသွားချေပြီ။ ရေသန့်ဘူး ယဉ်ကျေးမှု ထွန်းကားလာသဖြင့် ခရီးသည်က ရေဘူးဆောင် ယူလာတတ်သည်။ အလားတူပင် ယခင်က ရန်ကုန်-မန္တလေး မီးရထားလမ်း တစ်လျှောက် ဘူတာစဉ်တွင် မြေသောက်ရေအိုးကလေးများ ခေါင်းပေါ်ရွက်ထားသည့် ကျေးရွာသူ ပါးကွက်ကြား မိန်းမပျိုကလေးများ တွေ့ရမြဲ ဖြစ်ပါသည်။ နေပူကျဲကျဲ ချွေးသံရွှဲရွှဲဖြင့် ခရီးသည် ပြတင်းပေါက်အရောက် ရေပေးလှူကြ၏။ ရေဖိုးဘယ်ရွေ့ဘယ်မျှဟု တန်ဖိုးသတ်မှတ်မရောင်းပါ။ ပေးချင်သရွေ့ ပိုက်ဆံအကြွေစေ့ (ယခုမရှိတော့) ကို ရေအိုးအဖုံးပေါ် ပစ်ချလိုက်ရုံသာ။ မပေး၍လည်း မငြိုငြင်ကြ။ ယခုအခါတွင်မူ မြေသောက်ရေအိုးကလေးများ ရေသန် စီးကြောင်းကြီးထဲ မျောပါသွားချေပြီ။ ရေအလကား မရတော့။

မနှစ်က နွေ

ပြီးခဲ့သည့်နှစ် ဆောင်းတွင်းပြာသို လနှောင်းပိုင်း (ဖေဖော်ဝါရီ) ကပင် အပူချိန် မြင့်တက်စ ပြုနေပါပြီ။ အယ်လ်နီညို တန်ခိုးကြောင့်ဟု ပြောကြ၏။ ဖေဖော်ဝါရီလ တတိယပတ်တွင် ရန်ကုန်မြို့တွင်း အပူချိန်သည် ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင် ဖြစ်နေချေပြီ။ မတ်လအလယ်တွင် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသများတွင် အပူချိန်သည် ၁၁၁ မှ ၁၁၄ ဒီဂရီဖာရင်ဟိုက် ဝန်းကျင် မြင့်တက်လာ၏။ ‘ရေအသံဗလံ’ များ ကြားလာရပါသည်။ မိုးကလည်း ရွာနိုင်ခဲလှသဖြင့် အပူချိန်သည် တရိပ်ရိပ် မြင့်တက်လာနေသည်။ ဧပြီလ ၂၉ ရက်နေ့တွင်မူ မြန်မာနိုင်ငံ မြို့ ၁၁ မြို့၏ အပူချိန် စံချိန်သစ်ဇယားကို မိုး/ဇလဌာနက ထုတ်ပြန်လာတော့သည်။ အပူချိန်အမြင့်ဆုံးမှာ မကွေးမြို့ဖြစ်ပြီး ၁၁၅ ဒသမ ၇ ဒီဂရီဖာရင်ဟိုက် အထိ ရှိခဲ့ပါသည်။

မေလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ပထမဦးဆုံး မိုးရွာသွန်းသဖြင့် အပူရှိန် လျော့နည်းသွားသလို မိုးရေများလည်း ရရှိလိုက်ကြ၏။ အလားတူပင် မေ ၂၁ ရက်တွင် ဖြစ်ပေါ်လာသော ‘ရွန်နူ’ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာပြည်အောက်ပိုင်း ဒေသများတွင် မိုးရေ ရရှိလာသည်။ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသ တော်တော်များများတွင်မူ သောက်ရေ သုံးရေ ပြတ်လပ်၍ ‘ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာလိုသည်’ ဟူသော အသံဗလံများ တစ်နေ့တခြား ပို၍ ကျယ်လောင်လာပါတော့သည်။ ကျေးရွာပေါင်း ၁၇၀၀ ကျော် ရေမလုံလောက်မှု၊ ပြတ်လပ်မှုနှင့် ကြုံတွေ့လာရလေသည်။ မေလ ၂၄ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရေပေးဝေနေရသည့် ကျေးရွာပေါင်း ၁၀၄၈ ရွာ ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆိုပါသည်။ အခြားသတင်းတစ်ရပ်ကမူ ၂၀၁၅ ခုနှစ် နွေရာသီအတွင်း ရေရှားပါး ပြတ်လပ်သည့် ဒေသများကို သောက်သုံး ရေဂါလန် ကိုးသိန်းနီးပါး ဖြည့်ဆည်းနိုင်ခဲ့သည်ဟု ဆိုပါသည်။

နေနှင့် ရေ

မြန်မာနိုင်ငံတွင် နွေဥတုကာလသည် ပို၍ရှည်လျားလာသည်။ ယခင်ကကဲ့သို့ ‘လှပသော နွေရက်များ’ မဟုတ်တော့။ ‘ပူပြင်းခြောက်သွေ့သော နွေ’ ဖြစ်နေချေပြီ။ မတ်လနှောင်းပိုင်း၌ အီကွေတာမျဉ်းပေါ်တွင် ရောက်ရှိနေသော နေမင်းသည် အပူရှိန်များကို သယ်ဆောင်လျက် မြောက်ဘက်သို့ ရွေ့လျားလာရာ မေလအလယ်ခန့် ရောက်သောအခါ မြန်မာပြည် အရပ်ရပ်ကို အပူဓာတ် လွှမ်းခြုံတော့၏။ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပါသည်။ သို့သော်ငြားလည်း ယခု နွေဥတုကာလများကား ခြစ်ခြစ်တောက် ပူလွန်းလှသည်။ နေမင်းသည် ယခုမှ ပိုပြီးပူလာခြင်း မဟုတ်ပါ။ အဓိက အကြောင်းကြီးနှစ်ချက် ရှိပါသည်။ တစ်ချက်မှာ ကမ္ဘာကြီး ပူနွေးလာခြင်း ဖြစ်၏။ ကျန်တစ်ချက်မှာ သစ်တောသစ်ပင်များ ပြုန်းတီးကုန်၍ဖြစ်ပါသည်။ စင်စစ် ဤနှစ်ချက်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးသက်ရောက်နေလေသည်။

သစ်တောသစ်များ ပြုန်းတီးကုန်သဖြင့် နေပူရှိန်သည် မြေပြင်နှင့် တိုက်ရိုက်ထိတွေ့ခွင့် ရသွားသည်။ အကျိုးဆက်အနေဖြင့် မြေပေါ်မြေအောက် ရေအရင်းအမြစ်များ ထိခိုက်ဆုတ်ယုတ်ကုန်တော့၏။ တွင်းရေများ ခန်းကုန်သည်။ ကန်ရေများ ခြောက်သွားသည်။ အဝီစိတွင်းများ ရေအထောက်မမီတော့။ ဤသို့ဖြင့် ရေရှားပါးမှု ကြုံတွေ့လာရသည်။ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်တိုင်းလိုလို ရေပြတ်လပ်မှုများ ကြုံတွေ့လာရသည်ဟု ဆိုပါသည်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသအချို့တွင် သောက်သုံးရေကို တစ်မိုင်ခန့် ကွာဝေးသော သဲတွင်းများဆီသို့ နေ့စဉ် သွားခပ်ရသည်ဟု သိရပါသည်။ ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်တွင်လည်း နှစ်စဉ် နွေရာသီရောက်တိုင်း ရေအခက်အခဲ ကြုံရစမြဲ။ တစ်မိုးတွင်းလုံး မိုးရေခံထားသည့် အုတ်ကန်၊ အင်္ဂတေခွေ ရေလှောင်ကန်မှ ရေများကုန်သွားပေပြီ။ ရပ်ကွက်၊ ကျေးရွာရှိ ရေကန်များလည်း ခန်းခြောက်ကုန်ကြလေပြီ။ ရေကန်အလယ်တွင် လက်ယက်တွင်းငယ်တူး၍ ရွှံ့နှစ်ရောင်ရေကို သုံးစွဲကြရ၏။ ရန်ကုန်ဘက်ကမ်းမှ ရောက်လာမည့် ရေသမ္ဗာန်၊ ရေမော်တော်ကို မျှော်ကြရလေသည်။

ရန်ကုန်မြို့တော်နှင့် ဆင်ခြေဖုံးတွင်လည်း နွေရာသီကာလ ရေပြတ်လပ်မှု အနည်းနှင့် အများဆိုသလို ကြုံရမြဲ ဖြစ်သည်။ ရန်ကုန်မြို့ကို သောက်ရေသုံးရေ ဖြန့်ဖြူးပေးနေသော ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် အစရှိသည့် ရေလှောင်ကန်ကြီးများ ရေအားယုတ်လျော့ကုန်ကြသည်။ အဝီစိတွင်းများမှ မြေအောက်ရေ ရရှိမှုကလည်း လျော့နည်းလာသည်။ အချို့လက်တူးအဝီစိတွင်းငယ်များ ရေမမီ ဖြစ်လာကြသည်။ မြို့သစ်များက အခြေအနေ ပိုဆိုးပါသည်။

ရေနှင့် လူဦးရေ

လက်ရှိတွင် နွေရာသီကာလ ရန်ကုန်မြို့မှာ ရေပြတ်တတ်သော်လည်း ပြင်းပြင်းထန်ထန် မဟုတ်သေးပါ။ အထက်တွင် ဖော်ပြခဲ့သည့် ရေလှောင်ကန်ကြီးများ၏ ရေပမာဏဖြင့် ထိန်းထားနိုင်သည်ဟု ဆိုနိုင်လောက်၏။ သို့သော် ရန်ကုန်မြို့တော်သည် ဤအတိုင်း နေမြဲမနေပါ။ မြို့နေလူဦးရေသည် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် တိုးပွားလျက် ရှိနေပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လူဦးရေ ၇ သန်း ရှိသော ရန်ကုန်မြို့သည် ၂၀၄၀ တွင် ၁၀ သန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပါသည်။ ၂၄ နှစ်ကာလ အတွင်း အကြမ်းအားဖြင့် လူဦးရေ ၄၃ ရာခိုင်နှုန်းခန့် တိုးပွားလာမည့် သဘောဖြစ်၏။ နောက်တိုးလာမည့် ပုဂ္ဂိုလ်များသည် ၎င်းတို့ သုံးစွဲမည့်ရေကို တစ်ပါတည်း သယ်ဆောင်လာကြမည် မဟုတ်ပေ။ ယင်းတို့အတွက် လက်ရှိလူများက ရေကန်အသင့် ကြာအသင့် ဖန်တီးပေးရမည် ဖြစ်သည်။ ဤသည်မှာ လူ့ဝတ္တရားပင် ဖြစ်ပေ၏။

လောလောဆယ်တွင် ရန်ကုန်မြို့သို့ ရေပေးဝေမှုမှာ တစ်ရက်လျှင် ရေဂါလန် ၂၀၅ သန်း ရှိကြောင်း ယင်းအနက် ရေဂါလန် ၁၆ သန်းမှာ မြေအောက်ရေမှ ရရှိကြောင်း သိရှိရပါသည်။ မြို့ပြစီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ၊ အထပ်မြင့် အဆောက်အအုံ ကြီးများ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ကြီးများသည် မြေအောက်ရေကို အများဆုံး သုံးစွဲကြသူများ ဖြစ်သည်။ ရေအောက်ပန့် (Submersible Pump) ကြီးများ အသုံးပြု၍ ပေပေါင်းများစွာ အနက်မှ ရေကို စုပ်ယူသုံးစွဲကြသည်။ တစ်နေရာတည်းမှ  မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲပါက မြေအောက်လွှာတွင် ‘ဟာကွက်’ ဖြစ်ပေါ်လာပြီး အချို့ရေတွင်း၊ ရေကန်နှင့် အဝီစိတွင်းများ ရေပြတ်သွားတတ်ပါသည်။

နောက်တစ်ချက်မှာ ပင်လယ်၊ မြစ်ကမ်းနှင့် နီးကပ်သော နေရာဒေသများတွင် အဆိုပါ မြေအောက်လွှာ ‘ဟာကွက်’ အတွင်းသို့ ရေငန်များ နေရာဝင်ယူလာကာ မူလက ရေချိုရေသန့်ထွက်သော ရေတွင်း၊ ရေကန်နှင့် အဝီစိတွင်းများ ငန်ကုန်ပြီး တွင်းပျက်ရလေတော့သည်။ အနီးစပ်ဆုံး ဥပမာ ပြောရလျှင် ရန်ကုန်မြို့ အလုံမြို့နယ်သည် အစဉ်အလာအားဖြင့် ရေချိုရေသန့် လွယ်လွယ်ကူကူနှင့် ပေါပေါများများ ထုတ်ယူရရှိနိုင်သောအရပ် ဖြစ်သည်။ အဝီစိတွင်း ပေ ၆၀ ဝန်းကျင် တူးလျှင်ပင် သောက်ရေ ရရှိနေပြီ။ ထို့ကြောင့် အင်္ဂလိပ်အစိုးရ လက်ထက်ကပင် အလုံကမ်းနားလမ်း၌ ‘အလုံဘိလပ်ရည် စက်ရုံ’ ကို တည်ထောင်ခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သည့် သုံးနှစ်ခန့်တွင်မှ ရပ်ဆိုင်းသွားပါသည်။

ယခုအခါ လှိုင်မြစ်၏ ရေငန်ဖိအားကြောင့် ယခင်က ရေချိုတွင်းအချို့ ငန်ကုန်ကြရတော့သည်။ အလုံမြို့နယ်တွင် နှစ်ပေါင်းများစွာ နေထိုင်သူ အငြိမ်းစား အရာရှိကြီးတစ်ဦးက ၎င်းတို့ရပ်ကွက်ရှိ အနက် ပေ ၁၀၀ တူးထားသော ရေချိုအဝီစိတွင်းမှာ  ယခုအခါ ရေငန်လာကြောင်း၊ နေရာပြောင်းရွှေ့၍ တွင်းသစ်ထပ်တူးရာ ပေ ၄၅၀ တွင်မှ ရေချိုဖမ်းမိကြောင်း ပြောပြပါသည်။ ၎င်းအပြင် အထပ်မြင့် အိမ်ရာအဆောက်အအုံကြီးများ ဆောက်လုပ်ရာတွင် ‘ပိုင်’ ရိုက်သွင်းမှုကြောင့် တုန်ခါမှု ဖြစ်ပေါ်ပြီး အချို့အဝီစိတွင်းများ ရေခန်းသွားသည်။ အချို့မှာ ရေငန်တွင်း ဖြစ်သွားရသည်ဟု ၎င်းက ပြောပြပါသည်။ မြေပေါ်တွင် သစ်တောသယံဇာတများ ပြုန်းတီးကုန်သကဲ့သို့ မြေအောက်တွင် ရေသယံဇာတ ပြုန်းတီးသွားမှာ စိုးရိမ်ရကြောင်း ၎င်းပုဂ္ဂိုလ်က ထောက်ပြပါသည်။

ရန်ကုန်မြို့၏ သောက်သုံးရေကို ဖြည့်ဆည်းပေးနေသော မြေအောက်ရေ သုံးစွဲမှုကို ၂၀၄၀ ပြည့်နှစ်တွင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုပါသည်။  ဆည်စီမံကိန်းများ ဖြစ်ကြသော ဂျိုးဖြူ၊ ငမိုးရိပ်၊ ကုက္ကိုဝနှင့် လဂွမ်းပြင်တို့မှ ရေအပြင် ကုက္ကိုဝမြစ်နှင့် တိုးမြစ်ရေကိုပါ သုံးစွဲမည် ဖြစ်ကြောင်း၊ ၂၀၄၀ တွင် တိုးလာမည့် လူဦးရေကို ခန့်မှန်းတွက်ချက်၍ တစ်ရက်လျှင် ရေဂါလန် သန်း ၆၀၀ ဖြန့်ဖြူးပေးသွားရန် ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ရေလေလွင့်ဆုံးရှုံးမှု

မြေပေါ်ရှိ သဘာဝ ရေသယံဇာတ ဆုံးရှုံးရသည့် အဓိကအချက် သုံးချက် ရှိပါသည်။ ပထမအချက်မှာ ရေငွေ့ပြန်ခြင်း (Evaporation) ဖြစ်သည်။ ရေလှောင်ကန်ကြီးများ၊ ဆည်၊ တာတမံ၊ မြစ်ချောင်းအင်းအိုင်များတွင် ဖြစ်ပေါ်တတ်သည်။ ရေမျက်နှာပြင် အပူချိန်၊ လေထုဖိအား၊ လေတိုက်ခတ်မှု၊ လေထု၏ စိုထိုင်းဆ (Humidity) စသည့် အချက်များကို မူတည်၍ ရေငွေ့ပြန်မှု အနည်းအများ ဖြစ်ပေါ်တတ်ပါသည်။ သဘာဝဖြစ်စဉ် ဖြစ်၍ လူတို့ပြုပြင်တားဆီးရန် ခဲယဉ်း၏။ ကျေးရွာသုံး၊ ရပ်ကွက်သုံး၊ ရေကန်ငယ်များတွင်မူ ကြာပင်များ ရှိနေပါက ရေကို အေးမြစေပြီး နွေရာသီတွင် ကြာရှည်ခံသည်ဟု ပြောကြသည်။

ရေလေလွင့်ဆုံးရှုံးမှု ဒုတိယအချက်မှာ ဆည်၊ ရေလှောင်ကန် အပိတ်အဖွင့် တံခါးများ၊ ဘားများမလုံခြင်း၊ ရေပေးဝေသည့် ပိုက်လိုင်း၊ ရေသွယ်မြောင်းများ၊ ရေတွန်းစက်များ မလုံခြင်း စသည်တို့ ဖြစ်ကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးအချို့၏ ရေပေးဝေမှုစနစ်တွင် ရေလေလွင့်ဆုံးရှုံးမှု ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု မှတ်သားဖူးပါ၏။ မြန်မာနိုင်ငံ၏ ရေလေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်းကို မတွေးရဲပေ။

တတိယအချက်မှာ ရေသုံးစွဲသူတို့ကြောင့် ဖြစ်ပါသည်။ အရည်အသွေးညံ့သော၊ ချို့ယွင်းသော ရေပိုက်၊ ရေပိုက်ဆက်၊ ဘား၊ ဘုံဘိုင်ခေါင်းများ အသုံးပြုခြင်းကြောင့် ရေယိုဖိတ်ဆုံးရှုံးနိုင်ပါသည်။  ၎င်းအပြင် ရေဘားနှင့် ဘုံဘိုင်ခေါင်းများကို အစဉ်အမြဲ ဖွင့်ထားသဖြင့် ရေဆုံးရှုံးမှု များတတ်သည်။ အထူးသဖြင့် မြို့သစ်အိမ်ရာတိုက်တန်းလျားများတွင် အဖြစ်များပါသည်။

ချွေတာကြစို့

၂၁ ရာစု၏ အရှားပါးဆုံး သယံဇာတမှာ ရေဖြစ်သည်ဟု ပြောဆိုမှု ရှိလာ၏။ 

‘ရေအသက် တစ်မနက်’ ဟူသော မြန်မာဆိုရိုးစကားမှာ ကမ္ဘာပေါ်တွင် ရေ၏တန်ဖိုးကို အမြင့်ဆုံး ဖော်ကျူးလိုက်ခြင်းပင် ဖြစ်ပေသည်။ သို့သော် ထိုသို့ ဖော်ကျူးနေရုံ မျှဖြင့် မလုံလောက်ပေ။ အဖိုးတန်ဆုံးသော သဘာဝသယံဇာတကို အခြိုးခြံဆုံး၊ အချွေတာဆုံးနှင့် အကျိုးအရှိဆုံး သုံးစွဲရန် လိုအပ်လှ၏။ ဤသည်မှာ သယံဇာတ ကျင့်ဝတ်ပင် ဖြစ်သည်။

ချမ်းသာသော နိုင်ငံရှိ လူတစ်ယောက် တစ်ရက် ရေသုံးစွဲနှုန်းထားသည် ဆင်းရဲသည့် နိုင်ငံသားတစ်ဦး ရေသုံးစွဲမှု နှုန်းထားထက် အဆပေါင်းများစွာ မြင့်လေသည်။ အလားတူပင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှုန်းထားမှာလည်း ပို၍မြင့်မားပါသည်။ သို့စဉ်လျက် ထိုလူချမ်းသာများသည် လျှပ်စစ်မီတာထက် ရေမီတာကို ပိုကြောက်ကြသည်ဟု ကြားဖူး၏။ စင်ကာပူနိုင်ငံတွင် ရေလှောင်ကန်ကြီးပေါင်း ၁၀ ခုထက် မနည်း ရှိသော်လည်း မြို့ပြရေပေးဝေရေးအတွက် ရေလိုအပ်ချက်ကို အိမ်နီးချင်း မလေးရှားနိုင်ငံမှ ပိုက်လိုင်းသွယ်တန်း၍ ဝယ်ယူဖြည့်ဆည်း၏။ လူတိုင်း သောက်သုံးရေကို ရေမီတာဖြင့် ဝယ်ယူသုံးစွဲကြရသည်။ အခြေခံရေသုံးစွဲမှု မီတာနှုန်းထားထက် ပို၍ သုံးစွဲသော ရေမီတာအတွက် ပို၍မြင့်သော နှုန်းထားဖြင့် ငွေပေးဆောင်ရပါသည်။ ဤနည်းဖြင့် ရေသုံးစွဲမှု နှုန်းထားကို ထိန်းထားလေသည်။ စင်ကာပူ နိုင်ငံသားများသည် ရေကို အယိုအစိမ့် အဖိတ်အစင် မရှိအောင် အထူးဂရုထား သုံးစွဲလေ့ ရှိကြသည်ကို တွေ့ရ၏။ သူတို့အဖို့ ရေအဖိတ်အစင်သည် ငွေအဖိတ်အစင်ပင် ဖြစ်တော့၏။ လကုန်ရေမီတာဘီလ်ကို ရင်တမမဖြင့် စောင့်နေရသည်ဟု စင်ကာပူနိုင်ငံသူ အိမ်ရှင်မတစ်ဦးက ပြောပြခဲ့ဖူးပါသည်။

လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ရုပ်ကြွင်းလောင်စာခေတ် နိဂုံးချုပ်ပေတော့မည်။ ‘ရွှေမည်း’ ခေါ် ရေနံသူဌေးမင်းများ လူမွဲစာရင်း ဝင်သွားကြကာ ‘ရွှေပြာ’ ဟု တင်စားခေါ်ဆိုသည့် ရေချိုသူဌေးကြီးများ ပေါ်ထွန်းလာမည် မုချ။ သူဌေးစာရင်း ဝင်ရအောင် ယခုမှ စ၍ ရေသယံဇာတကို မဖြုန်းဘဲ ငွေလို သုံးစွဲကြပါစို့။ 

ချိုးငှက် (သံတွဲ)
၁-၁၁-၂၀၁၆