News

POST TYPE

REGIONAL

TNLA နှင့် RCSS နမ္မတူတွင် တိုက်ပွဲများဖြစ်ပွား
13-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်နက်ကိုင်အဖွဲ့နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ် လွယ်ဟန်းတောင် တစ်ဝိုက်ရှိ မန်စံ၊ မိုင်းမု ကျေးရွာဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများနှင့် သေနတ်သံများ အဆိုပါ လွယ်ဟန်းတောင်တစ်ဝိုက် ကြားနေရဆဲဖြစ်ကြောင်း အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခတ်သံတွေက တစ်မနက်လုံး ပြတ်ကို မပြတ်ဘူး။ တောင်ပေါ်မှာ ပစ်ခတ်နေတာ။ ပြည်သူတွေကတော့ အထိတ်တလန့်ဖြစ်နေတယ်။ ဘယ်တော့ ရွာကိုဝင်လာမလဲမသိရဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ကျောက်မဲခရိုင် နမ္မတူမြို့နယ် အခြေစိုက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်စခန်းကို ဇူလိုင် ၁၃ ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်ခန့်တွင် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းလည်း RCSS အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု၊ ဝန်ဝါကျေးရွာအနီး RCSS လှုပ်ရှားတပ်စခန်းကို TNLA စစ်ကြောင်းနှစ်ကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ မန်စံကျေးရွာမြောက်ဘက်ရှိ ဝမ်ဝါကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဇူလိုင်လ ၁၃ ရက် နေ့လည် ၁ နာရီအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စစ်မြေပြင်သတင်းပို့ချက်အရ သိရသည်ဟု RCSS ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း ယင်းသို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း တအောင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့ကမူ လက်မှတ်ထိုးရခြင်းမရှိသေးဘဲ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွင် ပါဝင်သည့်အဖွဲ့ဖြစ်သည်။

J-08