News

POST TYPE

REGIONAL

မြစ်ကြီးနားမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၅ ခုဖွင့် လူ ၈ ထောင်ကျော် အရေးပေါ် ပြောင်းရွှေ့
13-Jul-2019


ကချင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး Z Naw Li (FB) မှ ကူးယူဖော်ပြသည်။

ရန်ကုန်၊ ဇူလိုင် ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး လူ ၈ ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းသို့ အရေးပေါ်ပြောင်းရွှေထားကြောင်း ယင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ဇူလှိုင် ပထမအပတ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြစ်ရေတိုးလာပြီး ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် နေအိမ်များ နစ်မြုပ်သည်အထိ ဖြစ်လာခဲ့သည်။

“အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အကုန်အခြေနေဆိုးနေပါတယ်။ အချိန်နဲ့တပြေးညီ အရေးပေါ်ကယ်ဆယ်ရေးလုပ်နေပါတယ်” ဟု အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) ရက်နေ့ တိုင်းထွာချက်အရ ၁၂၀၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီဖြစ်သည်။

ယင်ကဲ့သို့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ကမ်းဘေးရှိ ကျေးရွာတစ်ချို့တွင် နေအိမ်များ မျောပါသွားသည်ကို တွေ့ရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “မနောကွင်းမှာ ရေတွေပြည့်နေတယ်။ ဆိုင်ကယ်သွားလို့မရဘူး” ဟု ဆိုသည်။

ယနေ့မနက်ပိုင်းတွင် မြစ်ကြီးနားမြို့၏ အထင်ကရဖြစ်သော ဗလမင်းထင်တံတား၊ စီတာပူမနောကွင်း ဂျပန်တံတား တို့တွင် မြစ်ရေကြီးသည်ကို လာရောက်ကြည့်ရှုသူများ စည်းကားလျက်ရှိပြီး ဂျပန်တံတာမှာမူ ဖြတ်သန်းသွားလာ၍ မရတော့ပေ။