News

POST TYPE

REGIONAL

ခင်ဦးတွင် အိမ်ခြေ ၃၀၀ ကျော် မီးလင်းရေး အခက်အခဲရှိဟုဆို
11-Jul-2019


မုံရွာ၊ ဇူလိုင် ၁၁

ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအုပ်စု၊ သရက်ပင်စုကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိနေပြီး မီးလင်းရေးဆောင်ရွက်ရာတွင် အခက်အခဲများရှိနေကြောင်း မီးလင်းရေးလုပ်ဆောင်ခဲ့သည့်ကော်မတီဟောင်းက ဇူလိုင်လ ၁၁ ရက်နေ့က မုံရွာမြို့တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စီမံကိန်း ဦးစီးမှူးနှင့် သရက်ပင်စုကျေးရွာသားများ ပါဝင်သည့် ၄၅ ဦး ကော်မတီကို၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်း၍ မီးလင်းရေးဆောင်ရွက်ခဲ့ရာ တစ်ဦးလျှင် ကျပ်သုံးသိန်းကောက်ခံခဲ့ပြီး နေအိမ် ၉၀ မီးလင်းပြီဖြစ်သော်လည်း ကျန်နေအိမ်များ ငွေမထည့်ခြင်း၊ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမရခြင်းတို့ကြောင့် ကော်မတီအဟောင်းတွင် ကြွေးတင်နေကြောင်း ကော်မတီအတွင်းရေးမှူး ဦးအောင်ဌေးက ပြောကြားသည်။

“မီးလင်းရေးကော်မတီအသစ်ကို လွှဲပြောင်းပေးဖို့ အကြွေးတွေများနေတော့ သူတို့ကလက်မခံဘူး။ လေးနှစ်ကြာသွားပြီဆိုတော့ ငွေတိုးတွေတက်ပြီး အရင်းထက်အတိုးများနေတယ်။ လွှတ်တော် ရန်ပုံငွေလည်းမရ၊ ကိုယ်ထူကိုယ်ထ လုပ်ခဲ့ရတာပါ”ဟု ၎င်းကဆိုသည်။

ယင်းအတွက် သရက်ပင်စုကျေးရွာ မီးလင်းရေးကော်မတီအသစ်ကို ထပ်မံဖွဲ့စည်းပြီး တစ်အိမ်လျှင် ကျပ်တစ်သိန်း ငါးသောင်းနှုန်းဖြင့် ငွေကြေးလျှော့ချကောက်ခံခဲ့သော်လည်း နောက်ထပ် နေအိမ်များက ပါဝင်လာခြင်းမရှိကြသည့်အတွက် တစ်ရွာလုံး မီးမလင်းဘဲ ကော်မတီအဟောင်းတွင်လည်း ငွေတိုးချေးငှား လုပ်ကိုင်ရသည့်အတွက် အကြွေးတင်နေကြောင်း အဖွဲ့ဝင်များက ပြောကြားသည်။

R-08