News

POST TYPE

REGIONAL

ရေစကြိုမြို့ ပေါက်တောရွာတွင် ကိုယ်ထူကိုယ်ထ ရေကာတာ စတင်တည်ဆောက်
10-Jul-2019

ချောက်၊ ဇူလိုင် ၁၀

ရေစကြိုမြို့နယ်၊ ပေါက်တောရွာတွင် ကျေးရွာလူထုထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ဇူလိုင် ၉ ရက်မှစ၍ ကိုယ်ထူကိုယ်ထရေကာတာ စတင်တည်ဆောက်နေကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

လွန်ခဲ့သည့်တစ်လကျော်အတွင်း ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ပေ ၅၀ ခန့်မြစ်ကမ်းပြိုကျခဲ့၍ ကျေးရွာရှိ နေအိမ်များနှင့်နီးကပ်နေသဖြင့် စိုးရိမ်ရအနေအထားရှိ၍ ယင်းသို့ကိုယ်ထူကိုယ်ထ တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“လက်သည်ချည်းပဲ အားကိုးလို့မရဘူးလေ။ ကိုယ်ကလည်း ညှစ်ရမယ်လေ။ ဆုံးရှုံးသွားရင် ကျွန်တော်တို့ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အိမ်၊ လယ်ယာမြေတွေ ဆုံးရှုံးမှာမို့လို့ ရေကာတာ (ကိုယ်ထူကိုယ်ထ) တည်ဆောက်တာပါ”ဟု ၎င်းကပြောကြားသည်။

တိုင်းအစိုးရအဖွဲ့၊ တိုင်းမြစ်ချောင်းဖြိုးဌာန၊ ယင်းမြို့နယ်လွှတ်တော်အမတ်များ၊ ထွေအုပ်တို့ပေါင်း၍ အဆိုပါကျေးရွာသို့ ဇွန်လကုန်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး မြစ်ချောင်းဖြိုးဌာန ကျွမ်းကျင်ပညာရှင်များက ယင်းလုပ်ငန်းခွင်တွင် ဦးဆောင်လုပ်ကိုင်ပေးနေပြီး ဌာနအနေနှင့် နိုင်လွန်ပိုက်ကွန် ပေ ၁၂၀၀၊ ဘိလပ်မြေအိတ်ခွံအလုံး ၂၀၀၀၊ ပီနံကြိုး ၂ ခွေ ထောက်ပံ့ပေးထားကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းကျေးရွာတွင် လက်ရှိ ၂ ရက်အတွင်း ၅ လက်မခန့် မြစ်ရေတိုးနေကြောင်း၊ မော်လိုက်-ခန္တီးဒေသများတွင် ချင်းတွင်းမြစ်ရေသည် တိုးနေသဖြင့် နောက်ထပ် ၂ ရက်ခန့်အကြာတွင် ယင်းကျေးရွာ၌လည်း မြစ်ရေထပ်တိုးလာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းထားကြသည်။ 

ရေကာတာတည်ဆောက်ရေးလုပ်ငန်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့အနေနှင့် တပ်ဖွဲ့ဝင် ၂၅ ဦးပါဝင်ကူညီနေပြီး ဒေသခံ ၄၀ ကျော်တို့က ဝါးဖြင့်ပိုင်ချခြင်း၊ ပိုက်ကွန်တပ်ဆင်ခြင်း၊ သစ်ကိုင်းနှင့် သဲအိမ်ထည့်ခြင်း လုပ်ကိုင်နေကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ရှင်းပြသည်။

ချင်းတွင်းမြစ်ကမ်းပြိုနေသော ပေါက်တောရွာတွင် အိမ်ခြေ ၃၇၀၊ လူဦးရေ ၂၀၀၀ ခန့်နေပြီး လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က တည်ထားကိုးကွယ်သော ရှေးဟောင်းဘုရားစေတီများနှင့် လယ်ယာ မြေဧက ၁၀၀ ကျော်ရှိကြောင်း ယင်းကျေးရွာထံမှ သိရှိရသည်။

R-24