News

POST TYPE

REGIONAL

ရင်ခွင်မဲ့ကလေး လျှော့ချရေးအသင်းထံ သက်ငယ်မုဒိမ်းကြုံခဲ့ရသူ အမျိုးသမီးငယ် ၁၅ ဦး အကူအညီတောင်း
10-Jul-2019
မကွေး၊ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းထံသို့ သက်ငယ်မုဒိမ်းမှုနှင့်ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးငယ် ၁၅ ဦးက အကူအညီတောင်းခံခဲ့ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအသင်းကို ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး တိုင်းအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကာကွယ်စောင့်ရှောက်ခြင်းများ ဆောင်ရွက်နေသည့် အသင်းတစ်သင်းဖြစ်သည်။

အသင်းထံသို့ တစ်နှစ်အတွင်း Single Mother ၁၇ ဦး အကူအညီတောင်းခံထားပြီး ၁၅ ဦးမှာ သက်ငယ်မုဒိမ်းနှင့် ရင်ဆိုင်ခဲ့ရသူများဖြစ်ကာ ၎င်းတို့အထဲက ကိုးဦးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ကိုယ်ဝန်ဆောင်မိခင်များကို မွေးဖွားပေးခဲ့ပြီး သက်မွေးပညာသင်ပေးထားကြောင်း တိုင်းအသင်းဥက္ကဋ္ဌ ဒေါက်တာဖြူဖြူထွန်းက ပြောသည်။

Single Mother ၁၇ ဦးမှာ အသက် ၁၃ နှင့် ၁၄ နှစ်အရွယ် ကလေးငယ်အများစုပါဝင်ပြီး ၂၁ နှစ်နှင့် ၂၃ နှစ်အရွယ် နှစ်ယောက်ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“ကိုယ်ဝန်ရရှိလာတဲ့ Single Mother တွေကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်းက အကူအညီပေးထားပါတယ်။ အမှုကျူးလွန်သူတွေကိုလည်း ရှေ့နေများ ကွန်ရက်နဲ့ချိတ်ဆက်ပြီး ဥပဒေကြောင်းအရ အရေးယူဖို့ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာဖြူဖြူထွန်းက ပြောကြားသည်။

ထိုသို့သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သူအားလုံးကိုဖမ်းမိထားပြီး မင်းလှနှင့် ရေစကြိုမြို့နယ်များတွင် ကျူးလွန်ခဲ့သူများကို ထောင်အနှစ် ၂၀ ချခဲ့ပြီး အချို့အမှုများမှာ ရင်ဆိုင်နေဆဲရှိကြောင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းထံမှ သိရှိရသည်။ 

R-23