News

POST TYPE

REGIONAL

ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကယားနှင့် မြိုင်သို့ သွားရောက်လေ့လာမည်
13-May-2019

ဟားခါး၊ မေ ၁၂

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကယားပြည်နယ်ရှိ ခရီးသွားလုပ်ငန်းများနှင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပထမဆုံးအကြိမ် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန ချင်းပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကူညီ ဆောင်ရွက်ပေးလျက်ရှိသော နယ်သာလန်နိုင်ငံ၏ (NTF4) စီမံကိန်း ကူညီထောက်ပံ့မှုဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကစီစဉ်၍ ချင်းပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် ကျေးရွာကိုယ်စားလှယ်များ၊ ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့်အဖွဲ့သည် ကယားပြည်နယ်နှင့် မြိုင်မြို့နယ်သို့ မေလ ၁၂ ရက်နေ့မှစ၍ ၈ ရက်ကြာ လေ့လာရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။

“ကယားပြည်နယ်နဲ့ မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လေ့လာစေမယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန ချင်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက ပြောဆိုသည်။

ယင်းသို့ လေ့လာရာမှ ရရှိလာသည့် အကြံဉာဏ်များဖြင့် ဒေသ၌ လက်တွေ့ ပြန်လည် လုပ်ဆောင်တတ်စေရန်နှင့် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါကလည်း ခရီးသွားလုပ်ငန်း၏ ကောင်းကျိုး ဆိုးကျိုးများကို သိရှိနားလည်ကာ ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အတွင်းရှိ ခေါနူးစုမ် (ခေါ်) နတ်မတောင် အမျိုးသားဥယျာဉ်၊ ဘုံတလာ ရေတံခွန်၊ ဗိုလ်ကြွင်းဘိခ် မွေးဖွားရာ တာရွှန်းရွာ၊ အသည်းနှလုံးပုံ ရိဒ်ရေအိုင်နှင့် ကနေဒီ တောင်တန်းတို့မှာ နှစ်စဉ်ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်ကြသည့် နေရာများလည်းဖြစ်သည်။

ယင်းနေရာများအပြင် ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ထန်တလန်မြို့နယ်အတွင်းရှိ မေအဲပိတောင် နှင့် ဟရိဖီးကျေးရွာ၊ ကြီယျာန်တောင်နှင့် သီကီရ်ဆည်၊ ဖလမ်းမြို့နယ်နှင့် တီးတိန် မြို့နယ်အကြားရှိ ဘွာန်နဲလ်(လဲင်နူးပါး)တောင်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကီမိုတောင်၊ ဟားခါး- ထန်တလန်- ဖလမ်းအကြားရှိ ဇိန်မှုတောင် အပါအဝင် ခွန်ကျွဲပွဲ၊ ခွါဒိုပွဲနှင့် လုံယူးပွဲကဲ့သို့သော ရိုးရာပွဲတော်များမှာလည်း ချင်းပြည်နယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများဖြစ်သည်။

ချင်းပြည်နယ်အတွင်း ခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေနှင့် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်း ခရီးသွားဧည့်သည် ၁၆၉၀ဝ ကျော်နှင့် ပြည်ပ ခရီးသွားဧည့်သည် ၂၃၆၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ချင်းပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

R-20