POST TYPE

REGIONAL

ရွာပေါင်း ၃၀ ကျော် စုပေါင်းသုံးစွဲနေသည့်ရေကန်ကို ပြန်လည်တူးဖော်ပြုပြင်ပြီးစီး
05-May-2019

ချောက်၊ မေ ၅

ကျေးရွာပေါင်း ၃၀ကျော် စုပေါင်း သုံးစွဲနေသည့် ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ မကျီးပင်တပ်ရွာအရှေ့ဘက်ရှိ မြင်းသောက်ရေကန်ကို မိုးတွင်းကာလအမီ ပြန်လည် တူးဖော်ပြုပြင်ပြီးစီးပြီဖြစ်ရာ ကျပ်သိန်း ၉၃၀ ခန့်ကုန်ကျခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

အောင်ပွဲ အခမ်းအနားကို မေလ ၅ ရက်ကကျင်းပရာ တိုင်းဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့သည်။ အဆိုပါကန် ကန်ပေါင်မြေဖို့ခြင်း၊ ရေပေးမြောင်းပြုပြင်ခြင်းအတွက် ကျပ် ၄၉၆ သိန်းကျော်၊ ရေပေးမြောင်းအုတ်လိုင်းနင်းစီခြင်းအတွက် ကျပ် ၂၂၄ သိန်း၊ ရေပိုလွှဲပြုပြင်ခြင်းအတွက် ကျပ် ၃၃ သိန်းကျော် သုံးစွဲခဲ့ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းပြသည်။

ပြန်လည် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၈ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဌာနက တာဝန်ယူကာ ကန်ပေါင်အလျား ၂၂၀၀ ပေ၊ ရေပေးမြောင်း အုတ်လိုင်းနင်းစီခြင်း ပေ ၁၀၀၀၊ မြေသားမြောင်းပြုပြင်လုပ်ငန်း ပေ ၁၀၀၀၊ ရေပိုလွှဲ အလျား ပေ ၆၀၊ အနံ ၆၀ ပေ စသည့် လုပ်ငန်းများအတွက် တိုင်းအစိုးရရန်ပုံငွေမှ သုံးစွဲခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ပိုက်ဆံက မနည်းရှာရတယ်။ တိုင်းပြည်က မွဲနေတာနော်။ ပြည်ထောင်စုက ပေးတာရှိတယ်။ တိုင်းအစိုးရ ရန်ပုံငွေရှိတယ်။ ဒီကြားထဲက အလိုအပ်ဆုံး အရာတွေကို ရှာပြီးတော့ ကျွန်တော် လုပ်ပေးရတာ”ဟု ပြောကြားသည်။

ဆားတောင်အနောက်ရွာနေ ဦးအုန်းသိန်းမင်းက “အခု တာတမံ လုပ်တဲ့အတွက် အုပ်စုကတော့ ၆ ရွာအုပ်စုပေါ့နော်။ ဒါပေမဲ့ အနီးအနားက ရွာတွေက အများကြီးပေါ့။ အခုလည်း ထော်လာဂျီတွေနဲ့ လာတိုက်နေတာပါပဲ။ ဒီကန်ပြုပြင်တဲ့အတွက် ကျေးလက်နေ ပြည်သူတွေကော ကျွဲ၊ နွား တိရစ္ဆာန်တွေကော မှီခိုရတာ။ တန်ဖိုးဖြတ်လို့ မရဘူးပေါ့”ဟု ပြောဆိုသည်။

ယင်းရေကန်အနီးရှိ ပတ်ဝန်းကျင်ကျေးရွာမှာ တစ်နေ့လျှင် ရေဂါလန် ၆၅၀ ဆံ့ ရေသံကန်ဖြင့် ထော်လာဂျီးအစီး ၅၀ ခန့် လာရောက် သယ်ယူသုံးစွဲနေကြောင်းနှင့် ယင်းကန်မှ ရေပေးဝေရေမြောင်းဖြင့် စပါးစိုက်ပျိုးမြေ လယ်မြေဧက ၃၀ ကျော် စိုက်ပျိုးထားနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

R-24