News

POST TYPE

REGIONAL

သောက်သုံးရေရှားသည့် ကျေးရွာ ၁၈၀ ကျော်ကို ရေဖြန့်ဝေ
04-May-2019


ရန်ကုန်၊ မေ ၎

မြန်မာနိုင်ငံတစ်ဝန်း နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ကျေးရွာစုစုပေါင်း ၁၈၀ ကျော်အတွက် သောက်သုံးရေများ ဖြန့်ဝေပေးထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးရွာပေါင်း ၂၀၀ ခန့် သောက်သုံးရေရှားပါးနိုင်သည်ဟုခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုများလည်းလုပ်ဆောင်၍ ရေရှားပါးသည့်ဒေသများကို အချိန်မီ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ဖြန့်ဝေခဲ့ရာတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် စုစုပေါင်း ၆၂ မြို့နယ်နှင့် ကျေးရွာစုစုပေါင်း ၁၈၂ ရွာအတွက် ရေဂါလန်စုစုပေါင်း ၆၆၁၉၈၅ ဂါလန်ကို ဧပြီလ ၃၀ ရက်နေ့အထိ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါဌာနစာရင်းများအရ သိရသည်။

ဒေသအလိုက် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ကြုံတွေ့ရရာတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ သောက်သုံးရေရှားပါးသည့်ကျေးရွာအရေအတွက်မှာ များပြားနေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ နွေရာသီကာလအတွင်း နေ့အပူချိန်များ မြင့်တက်ရောက်ရှိနေပြီး မကွေးတိုင်း အပါအဝင် ဒေသအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ သက်ဆိုင်ရာဌာနများနှင့် ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက သောက်သုံးရေ လှူဒါန်းဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

E-03