News

POST TYPE

REGIONAL

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို ပြည်သူ့ကိုယ်စားလှယ်ကောင်းဆုချီးမြှင့်
25-Apr-2019
ကလေး၊ ဧပြီ ၂၅

ကိုယ်ကျိုးမငဲ့ဘဲ မင်းတပ်မြို့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးအောင်သန်းကို မင်းတပ်မြို့နေပြည်သူများက ပြည်သူ့ကိုယ်စားလှယ်ကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ဧပြီလ၂၄ ရက်နေ့က မင်းတပ်မြို့၊ မြို့မဈေးအပေါ်ထပ်ခန်းမတွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် မင်းတပ်မြို့နေ ပြည်သူများက ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ပေးအပ်ရခြင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းသည် ၎င်း၏ကိုယ်ကျိုးမငဲ့ဘဲ မင်းတပ်မြို့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မင်းတပ်မြို့တွင်း လမ်းတာချဲ့မှုလုပ်ငန်းကို ဦးဆောင်ပြုလုပ်ခဲ့သူဖြစ်သကဲ့သို့ ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အစိုးရဘတ်ဂျက်ခွဲဝေမှုတွင်လည်း မြို့နယ်အတွက် ထိုက်သင့်သည့် ဘတ်ဂျက်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်းကြောင့် မင်းတပ်မြို့နေ ပြည်သူများနှင့် မင်းတပ်မြို့နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မြို့အတွက် လုပ်ဆောင်ချက်တွေ ကျေနပ်တယ်။ အားရတယ်။ ဒီနှစ်အစိုးရ ဘတ်ဂျက်ခွဲဝေမှုမှာလည်း မင်းတပ်နဲ့ ကန်ပက်လက်ဆိုရင် နည်းနည်းလေးပဲရတယ်။ ဒီလိုမျိုးတွေမှလည်း မျှမျှတတချပေးကြဖို့ အစိုးရဘတ်ဂျက်ကိုမလိုအပ်ဘဲ အလေအလွင့်မရှိအောင် ပြည်သူအတွက်လည်း အကျိုးရှိအောင် ပြောပေးတဲ့ကိစ္စတွေမှာ သူက အများကြီး အမုန်းခံရတယ်။ အဲဒီလို ပြည်နယ်အတွက်ရော မြို့နယ်အတွက်ရော စွမ်းစွမ်းတမံ အလုပ်လုပ်တာကို ကျေနပ်တဲ့အတွက် ဒီဆုကိုပေးအပ်တာ ဖြစ်ပါတယ်”ဟု ဆုပေးအပ်မှုတွင် ကမကထအဖြစ် ဦးဆောင်ပြုလုပ်သူ ဆလိုင်းရှယ်အောင်က ပြောဆိုသည်။

အဆိုပါဆုကို ယခုနှစ်မှစတင်၍ လာမည့် လွှတ်တော်ကိုယ်စားလှယ်သက်တမ်းများတွင်လည်း လွှတ်တော်ကိုယ်စားလှယ် လေးဦးထဲက ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးအောင်သန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ မင်းတပ်မြို့တွင်း လမ်းတာချဲ့မှုကိစ္စဖြင့် ပြည်သူများက တိုင်တန်းခဲ့ရာမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်စာတင် နုတ်ထွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

R-20