News

POST TYPE

REGIONAL

နွေအလွမ်း
25-Apr-2019


လေတွေက တဟူးဟူး တိုက်ခတ်နေသည်။ လေတိုက်လိုက်တိုင်း သစ်ပင်ထက်မှ သစ်ရွက်တွေက တဖြောင်းဖြောင်းနဲ့ ကြွေကျနေခဲ့သည်။ အဝါရောင်ဖျော့ဖျော့ တမာရွက်ကလေးများ၊ အနီကြင့်ကြင့် ဗာဒံရွက်ကလေးများက သစ်ပင်ခြေရင်းမှာ ခြေချစရာမရှိတော့အောင် ပြန့်ကျဲနေခဲ့သည်။ သစ်ပင်ထက်မှာ သစ်ရွက်တို့သည် များများစားစား မကျန်ရှိတော့ဘဲ အရိုးအပြိုင်းပြိုင်းသာ ထနေတော့သည်။

ကျွန်တော်သည် အဆောင်ရဲ့ ဝရန်တာမှာ ရပ်နေမိရင်း တမာရွက် အဝါရောင် ဖျော့ဖျော့လေးများကိုလည်းကောင်း၊ ဗာဒံရွက် အနီကြင့်ကြင့်များကိုလည်းကောင်း ကြည့်ရှုနေခဲ့မိသည်။ နှုတ်ကနေလည်း “ဪ ... နွေဦးရာသီတောင် ရောက်လာပါပကောလား”လို့ ရေရွတ်နေမိခဲ့ပြန်ပါသည်။ လေတိုက်တိုင်းမှာ သစ်ရွက်ခြောက်တို့သည် ဟိုမှ သည်မှ ရွေ့လျားသွားကြပြန်သည်။

တစ်ဆက်တည်းဆိုသလိုပင် ကျွန်တော့်စိတ်အစဉ်များသည် ကျေးလက်တောရွာကလေးဆီက နွေဦးရာသီ သရုပ်သကန်များကို ပြန်လည်ကာ အမှတ်ရနေမိပါသည်။ ကျွန်တော်သည် မြို့ကြီးပြကြီးမှာ နေထိုင်ခြင်းဖြစ်လင့်ကစား ကျေးလက်တောသားတစ်ယောက်ဖြစ်တာမို့ ကျေးလက်ရဲ့ နွေဦးရာသီနဲ့ သိပ်ပြီးမစိမ်းလှ။ ကျေးလက်ဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူတစ်ယောက်ဖြစ်တာမို့ ကျေးလက်ရဲ့သဘာဝကို ချစ်မြတ်နိုးသည်။ ကျေးလက်ဒေသရဲ့ နွေဦးရာသီကို တွယ်တာမိခဲ့သည်။

အခုမူ ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းတွေကြောင့် ကျွန်တော့်ကို ကျေးလက်ဒေသတွေဆီကို တွန်းပို့နေသလို ခံစားရပြန်သည်။ ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာလည်း အခုလို နွေဦးရာသီရောက်တာနဲ့ တောင်လေတွေလည်း တဖြူးဖြူး တိုက်ခတ်နေပါလိမ့်မည်။ သစ်ရွက်တွေလည်း ကြွေကျနေကြပါဦးမည်။ လေတိုက်သည့်အတွက်ကြောင့် ဖုန်မှုန့်များလည်း လေထဲမှာ လွင့်ပျံနေပါဦးမည်။ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် ရောထွေးကာ လွင့်ပျံနေကြပါတော့မည်။ ကျေးငှက်သာရကာ ငှက်အပေါင်းစုံတို့၏ အသံဗလံများကိုလည်း ဟိုတစ်စ သည်တစ်စ ကြားနေရပါတော့မည်။ ဥဩငှက်တို့၏ တွန်ကျူးသံကိုလည်း အခါမလပ် ကြားနေရဦးမည်ဖြစ်သည်။

ကျွန်တော်တို့ရွာကလေးရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ လက်ပံပင်ကြီးသည် တစ်ပင်လုံး နီရဲနေအောင် လက်ပံပွင့်များ ပွင့်နေပါတော့မည်။ လက်ပံပင်ရဲ့အောက်ခြေမှာလည်း ကော်ဇောနီဖြန့်ခင်းထားသည့်အလား လက်ပံပွင့်များက ကြွေကျနေပါလိမ့်မည်။ ဆက်ကျော်သက်အရွယ် လူငယ်၊ လူရွယ်များသည် တစ်ပိုင်တစ်နိုင် တောင်းများ၊ လက်ဆွဲခြင်းများဖြင့် လက်ပံပွင့်များကို ကောက်ယူနေကြပါလိ့မ်မည်။ ယာတောကပြန်လာတဲ့ နွားလှည်းကြီးတစ်စီးသည် ရွာဆီကိုဦးတည်ကာ မောင်းနှင်နေသည်။ ထိုနွားလှည်းကြီးရဲ့ နောက်မှာတော့ ဖုန်မှုန့်များသည် တလိပ်လိပ် တက်ကာ ပြေးလိုက်နေကြပါလိမ့်မည်။

နွားလှည်းပေါ်မှာတော့ နွားလှည်းမောင်းသူမှအပ ကျန်တာတွေက အမျိုးသမီးတွေပဲဖြစ်သည်။ အမျိုးသမီးများ၏ ပါးပြင်ထက်မှာတော့ မနက်ခင်းက လိမ်းကျံထားတဲ့ သနပ်ခါးဆိုတာ မတွေ့ရတော့ပဲ ဖုန်မှုန့်များသည် ငြိကပ်နေပါတော့သည်။ ခေါင်းမှာ ဆောင်းထားသော တဘက်အနွမ်းစလေးကိုလည်းကောင်း၊ ပုဆိုးအပိုင်းစလေးများကိုလည်းကောင်း ချွတ်ကာ နှာခေါင်းဝရှေ့မှာ ပိတ်လိုက်ပါသည်။ ဖုန်မှုန့်များ နှာခေါင်းထဲသို့ မဝင်နိုင်ရန်အတွက် ဖြစ်ပါသည်။

လေတိုက်သည့်အတွက်ကြောင့် သူတို့၏ခေါင်းထက်မှ ဆံနွယ်စများသည် နဖူးပြင်ထက်သို့ လွင့်ကာ လွင့်ကာ ကျရောက်လာပါတော့သည်။ နွားလှည်းမောင်းသူသည် တဟဲ့ဟဲ့နဲ့ နှင်တံကို နွားနှစ်ကောင်ရဲ့ တင်ပါးကို မစို့မပို့လေးရိုက်ရင်း နှုတ်ကနေလည်း “ရွာကျောင်း ပြေးမြင်မိတယ်။ သတိရနေတယ် သူငယ်ချင်းရေ ... တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ”ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စကို ဆိုငြီးနေပါသေးသည်။ နွားလှည်းကလေးသည် တဖြည်းဖြည်းနဲ့ ရွာထိပ်မှာရှိတဲ့ ညောင်ပင်ကြီးအောက်ကို ရောက်နေပြီဖြစ်သည်။ ညောင်ပင်အရိပ်မှာ နွားလှည်းကို ခဏတာမျှ ရပ်နားလိုက်ကြသည်။

ညောင်ပင်ကြီးသည် သက်တမ်းရှည်ညောင်ပင်ကြီးတစ်ပင်ဖြစ်သည်။ ထိုညောင်ပင်ရဲ့ တစ်ဖက်တစ်ချက် စီမှာ ရေအိုးစင်လေးတွေ အသီးသီး ရှိနေခြင်းဖြစ်သည်။ သစ်သားဖြင့် အခိုင်အမာပြုလုပ်ထားကာ အမိုးကို သက်ငယ်ဖြင့် မိုးထားသော ရေအိုးစင်ကလေးများဖြစ်သည်။ ရေအိုးနှစ်လုံး အပါအဝင် သောက်ရေခွက်နှစ်ခွက် ပါသည်။ သောက်ရေခွက် ဆိုသော်ငြားလည်း အုန်းမှုတ်ခွက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အုန်းမှုတ်ခွက်မှာ အသားချောင်းလေး ထိုးဖောက်ထားပြီး သောက်ရေခွက်အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။

သောက်ရေအိုးစင်ရဲ့ မျက်နှာစာမှာတော့ ချမ်းမြေ့ပါစေဟူသော စာတန်းကို အိုးမဲခဲဖြင့် ရေးထိုးထားခြင်းဖြစ်သည်။ နွားလှည်းမောင်းသူမှအပ နွားလှည်းပေါ်ရှိ လူအားလုံးသည် လှည်းပေါ်ကနေ အောက်ကို ဆင်းလိုက်ကြပြီး ညောင်ပင်ခြေရင်းမှာ ခဏတာ အပန်းဖြေလိုက်ကြသည်။ ခေါင်းမှာဆောင်းထားသော ခမောက်၊ အဝတ်အပိုင်းအစတွေကို ချွတ်လိုက်ကြသည်။ ခန္ဓာကိုယ်ပေါ်မှာ အဝတ်အထည်များပေါ်တွင် ငြိကပ်နေသော ဖုန်မှုန့်များကို တဖုန်းဖုန်းမြည်အောင်ရိုက်ရင်း ခါလိုက်ကြသည်။ ပြီးတော့ သောက်ရေအိုးထဲက ရေကို တစ်လှည့်စီ တဂွတ်ဂွတ်နဲ့ သောက်ကြပါတော့သည်။

အမျိုးသမီးအုပ်စုတစ်စုသည်လည်း ထိုနည်းနှင်နှင်ပင် ညောင်ပင်ခြေရင်းကို ရောက်ရှိလာခဲ့ကြသည်။ ခေါင်းပေါ်မှာရွက်ထားသော တောင်းကိုလည်းကောင်း၊ ခါးထက်ရင်ခွင်ပြုထားသော တောင်းကိုလည်းကောင်း မြေပြင်ပေါ်ကို ဖုန်းခနဲမြည်အောင် ချလိုက်ပါသည်။ ထို့အတူပင် သူတို့ရဲ့ခန္ဓာကိုယ်တွေကိုလည်း မြေကြီးပေါ်မှာပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြပါတော့သည်။ ခေါင်းမှာပေါင်းထားသော အဝတ်စများကို ချွတ်လိုက်ကြပြန်သည်။ အပေါ်ပိုင်းမှာ ဝတ်ထားသော လက်ရှည်အင်္ကျီကို ချွတ်လိုက်ကြပြန်ပြီး တောင်းတွေထဲကို ထည့်လိုက်ကြပြန်သည်။ ညောင်ပင်အောက်မှာထိုင်ရင်း အမောပြေပြီဆိုခါမှ သောက်ရေအိုးစင်က ရေကို တစ်ခွက်ပြီးတစ်ခွက် မော့ကာမော့ကာ သောက်ကြပါတော့သည်။

လှည်းပေါ်မှာပါလာသော အမျိုးသမီးများနဲ့ ခြေကျင်လျှောက်လာသော အမျိုးသမီးအချို့ စကားတွေ ဖောင်ဖွဲ့မိသွားကြပြန်သည်။ အထူးအားဖြင့် ပဲများ နှမ်းများအကြောင်း၊ ပြောင်းဈေး၊ မြေပဲဈေးများအကြောင်းတို့ပင် ဖြစ်သည်။ ဒါ့အပြင် ရွာထဲရပ်ထဲရှိ သာရေးနာရေး၊ သားရေးသမီးရေးအကြောင်းတွေပဲ ဖြစ်သည်။ ပြီးရင်တော့ သူတို့အားလုံး ကိုယ်စီကိုယ်ငှ လမ်းခွဲလိုက်ကြသည်။

နွားလှည်းမောင်းသူသည် နွားလှည်းကို မောင်းနှင်ရန်အတွက် အသင့်အနေအထားမှာ ရှိနေခဲ့သည်။ ခြေကျင်လျှောက်လာသူ အမျိုးသမီးတစ်သိုက်သည် ညောင်ပင်အရိပ်ကနေ ဖဲခွာကာ ရွာထဲကို ဝင်သွားကြသည်။ ထိုနည်းတူစွာပင် ယာတောက ပြန်လာတဲ့ နွားလှည်းကလေးသည်လည်း ရွာအဝင်လမ်းအတိုင်း မောင်းနှင်သွားခဲ့သည်။ ဒူ ... ဒူ ... ဒူ ... ရွာဦးကျောင်းဆီက ဆယ့်တစ်နာရီထိုး အုန်းမောင်းခေါက်သံပဲဖြစ်သည်။

တောင်ယာလုပ်ငန်း၊ တောထဲတောင်ထဲမှာ လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ထမင်းစားချိန်ရောက်ပြီဆိုတာကို အချက်ပေးတဲ့အနေနဲ့ အုန်းမောင်းခေါက်လိုက်ခြင်းဖြစ်သည်။ ရွာဦးကျောင်းက ကိုရင်ကြီးတစ်ပါးသည် ဆွမ်းကျန်၊ ကွမ်းကျန်များကို တိရစ္ဆာန်များအား ကျွေးမွေးရန်အတွက် ဆွမ်းစားဆောင် နောက်ဖေးက ကွက်လပ်လေးတစ်ခုမှာ အသင့်အနေအထား ရှိနေခဲ့သည်။ ခွေး၊ ကြောင်၊ ကြက်၊ ငှက် စသည့် အမျိုးအစား စုံလင်လှသော တိရစ္ဆာန်ပေါင်းစုံတို့သည် ကိုရင်ကြီးဘေးမှာ ဝိုင်းရံထားကြသည်။

ကျီးကန်းအချို့သည်လည်း တစာစာအော်ရင်း ဟိုနားသည်နားကနေ ဝဲပျံကာ အစာတောင်းနေကြသည်။ ကိုရင်ကြီးသည် သပိတ်ထဲမှာ ရှိနေသေးသော ဆွမ်းကျန်လေးများ အနည်းငယ်ကို ကုဋီရဲ့ အမိုးသွတ်ပြားပေါ်သို့ ခပ်လှမ်းလှမ်းကနေ ဖြန့်ကြဲချလိုက်သည်။ ကျီးကန်းများသည် ကိုရင်ကြီးဖြန့်ကြဲလိုက်သည့် ဆွမ်းကျန်များရှိရာ ကုဋီအမိုးသွပ်ပြားပေါ်သို့ ဝရုန်းသုန်းကား ထိုးဆင်းလာခဲ့ကြတော့သည်။ အစောကလောက် အော်ဟစ်ဆူညံနေခြင်းမျိုး မရှိတော့။ ကိုရင်ကြီးသည် သပိတ်နှင့် ဆွမ်းဟင်းခွက်များကို ဆေးကြောပြီးတာနဲ့ ကိုယ်လက်သန့်စင်ကာ နေ့လယ်နေ့ခင်း ခဏတစ်ဖြုတ် ကျိန်းစက်ရာ ထန်းရွက်တဲကလေးဆီကို ဦးတည်လိုက်သည်။ လက်ထဲမှာတော့ အိပ်မပျော်မီ ဖတ်စရာကြည့်စရာ တရားဓမ္မစာအုပ်လေး တစ်အုပ်စ နှစ်အုပ်စကို ကိုင်သွားခဲ့သည်။

ထန်းလက်တဲလေးထဲမှာတော့ ကိုရင်ကြီး အရင် ကိုရင်ကျောင်းသားငယ်အချို့နဲ့ ရွာထဲရှိ လူလတ်ပိုင်းအချို့လည်းရောက်ရှိတာ လဲလျောင်းနေကြပြီဖြစ်သည်။ ကိုရင်ကြီး နေ့လယ်နေ့ခင်းကျိန်းစက်ရာ ထန်းလက်တဲကလေးသည် အခုလို နွေဦးရာသီ ရောက်ပြီဆိုရင် အတော်ပဲ အသုံးဝင်ခဲ့သလို အပူဒဏ်ကိုလည်း အတော်ကလေး ခံနိုင်ရည်ရှိခဲ့သည်။ ဒီအတွက်ကြောင့် ကိုရင်ကြီးရဲ့  ထန်းလက်တဲကလေးသည် နေ့လယ်နေ့ခင်း အချိန်များဆို ကျောင်းသားကိုရင်များနဲ့ စည်ကား နေခြင်းဖြစ်သည်။

လေတွေတဟူးဟူး တိုက်ခတ်နေသည့်အတွက်ကြောင့် ထန်းလက်တဲလေးမှ ထန်းလက်များသည် တဖျစ်ဖျစ်နဲ့ မြည်နေကြပါသည်။ သစ်ရွက်များ၊ သရက်ကင်းလေးများသည် သစ်ပင်ထက်ကနေ ကြွေကျပြီး ထန်းလက်တဲလေးရဲ့အမိုးပေါ်ကို တဖြောက်ဖြောက်နဲ့ ကျနေခဲ့သည်။ ကိုရင်ကြီးသည် ထန်းလက်တဲလေးရဲ့ လေးတိုင်ခုတင်ပေါ်မှာ အသာအယာ လဲလျောင်းရင်း တရားပေါင်းချုပ်စာအုပ်တစ်အုပ် အသံနေ အသံထားနဲ့ ဖတ်နေခဲ့သည်။

ခဏအကြာမှာတော့ ကိုရင်ကြီးသည် ဖတ်နေတဲ့ တရားစာအုပ်ကို ခေါင်းအုံးဘေးချလိုက်ပြီး ကျိန်းစက်ဖို့ရာအတွက် အသင့်ပြင်လိုက်တော့သည်။ မဆူကြနဲ့တော့နော်။ အိပ်မှာဆို အိပ်ကြ။ မအိပ်ဘူးဆိုရင်လည်း ဟိုဘက်ခပ်ဝေးဝေကို သွားကစားကြ။ အနီးအနားရှိ ကျောင်းသားကိုရင်အချို့ကို ကိုရင်ကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။ လေတွေက တဟူးဟူး တိုက်ခတ်နေပြန်သည်။ သစ်ရွက်တွေက လေတိုက်တိုင်းမှာ ဝဲကာ ဝဲကာ သစ်ပင်ထက်ကနေ ကြွေကျနေခဲ့ပြန်သည်။ သရက် ကင်းဖူးများသည် လေတိုက်နှုန်းအားကို ခံနိုင်ရည် မရှိမှုကြောင့် မြေပြင်ထက်ကို ကြွေကျလာခဲ့ကြပြန်သည်။ မြေပြင်ပေါ်မှာတော့ သရက်ဖူးလေးများသည် ပြန့်ကျဲလို့ နေခဲ့ပြန်သည်။

ကျေးလက်တောရွာကလေးရဲ့ နွေဦးရာသီသည် ဤသို့ဤနှယ်ပင်ဖြစ်သည်။ ကျွန်တော်သည် ကျေး လက် တောရွာကလေးက နွေဦးရာသီတစ်ခုကို ပြန်လည်ကာ အောက်မေ့မိနေခြင်းဖြစ်သည်။ ကျွန်တော့်ရှေ့မှာလည်း သစ်ရွက်တွေက ကြွေနေဆဲပင်ဖြစ်သည်။ လေတွေကလည်း တိုက်နေဆဲပင်ဖြစ်သည်။ ဖုန်မှုန့်တွေကလည်း လွင့်နေဆဲပင်ဖြစ်သည်။ နွေဦးရာသီသည် လွမ်းမော စရာကောင်းလိုက်သည့်ဖြစ်ခြင်း။

ကြယ်စင်စိုး(မန္တလေး)