News

POST TYPE

REGIONAL

မြောက်ဦးတွင် နုတ်ထွက်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့ ပြန်လည် တာဝန်ထမ်းဆောင်
23-Mar-2019
စစ်တွေ၊ မတ် ၂၃

မြောက်ဦးမြို့နယ်တွင် နုတ်ထွက်ထားသည့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတို့အနက် ၇၀ ကျော်မှာ ပြန်လည်ကာ တာဝန်ထမ်းဆောင်နေကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

အဆိုပါမြို့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့နယ်ထွေအုပ်ရုံး၌ လကုန် အစည်းအဝေးကျင်းပနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲတပ်ဖွဲ့ကခေါ်ဆောင်သွားကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးနေသဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ကျော် နုတ်ထွက်ခဲ့ကြသည်။

ထို့နောက် တရားလိုဘက်မှ တရားစွဲဆိုရင် သက်သေခံ အထောက်အထား အလုံအလောက် တင်ပြနိုင်ခြင်းမရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို မတ်လ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည့်အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ နုတ်ထွက်ထားကြသော ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇၀ ကျော်မှာ ပြန်လည်တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ နုတ်ထွက်ကြတာဟာ အဖမ်းခံရတဲ့ ၄ ဦးကိုအကြောင်းပြုပြီး လုပ်တာဖြစ်တယ်။ သူတို့ကို အခု လွှတ်လိုက်တယ်ဆိုတော့ ကျွန်တော်တို့လုပ်ခဲ့တာ အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့ကစုပြီး ဆွေးနွေးအဖြေထုတ်ကြတယ်။ ပြန်လို့ ဒီလမ်းကို ပြန်လျှောက်ဖို့အတွက် ပြန်လုပ်ကြတာဖြစ်တယ်”ဟု ပြန်လည်တာဝန် ထမ်းဆောင်လာသူ ကျောက်ကျပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ရှင်းပြသည်။

သို့သော် အုပ်ချုပ်ရေးမှူး ၂၀ ကျော်ခန့်ကမူ ဒေသအခြေအနေအရ အုပ်ချုပ်ရေးမှူးများကို လုံခြုံမှုတစ်စုံတစ်ရာ ဆောင်ရွက်မပေးနိုင်သည့်အတွက် ပြန်လည် ထမ်းဆောင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဆိုကြသည်။

“ပြန်လို့ထမ်းဆောင်ကြတဲ့အပေါ် ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ မပြောလိုဘူး။ ကျွန်တော်တို့က ဒီနေ့အထိ လုံခြုံတယ်လို့ မခံစားရသေး။ ဒေသခံ အခြေအနေကလည်း အရင်ထက် ပိုဆိုးလာတယ်။ ဒီအတွက် ပြန်ပြီးထမ်းဆောင်ဖို့ လုံးဝဆန္ဒမရှိသေးဘူး”ဟု သံရှင်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဆန်းက ပြောသည်။

ရပ်။ကျေး အုပ်ချုပ်ရေးမှူးများသည် စုပေါင်းကာ နုတ်ထွက်ခဲ့ကြသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက နုတ်ထွက်လိုသည့် ဆန္ဒရှိလျှင် မိမိတို့သဘောဆန္ဒကို တစ်ဦးချင်း လာရောက်တွေ့ဆုံတင်ပြကာ နုတ်ထွက်နိုင်ကြောင်း ညွှန်ကြားထားသည်။

လက်ရှိ ပြန်လည်ကာ တာဝန်ထမ်းဆောင်လိုကြသည့် အုပ်ချုပ်ရေးမှူးများမှာလည်း စုပေါင်းကာ ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြခြင်းမဟုတ်ဘဲ တစ်ဦးတည်း သွားရောက်ကာ ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်းတင်ပြပြီး မူလတာဝန်ကို ပြန်လည် ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

R-22