News

POST TYPE

REGIONAL

အမြန်လမ်း နှစ်လအတွင်း သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့်ယာဉ် ၃ဝဝဝ နီးပါးဖမ်းမိ
02-Nov-2016
တောင်ငူ၊ နိုဝင်ဘာ ၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်များအနက် သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့် ယာဉ်များကို စက်တင်ဘာလ ၁ ရက်နေ့ကစ၍ ဖမ်းဆီး အရေးယူခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နှစ်လအတွင်း ယာဉ်စီးရေ ၃ဝဝဝ နီးပါး ဖမ်းဆီး ရမိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို ဖမ်းဆီး တရားစွဲဆိုခဲ့တဲ့ နှစ်လအတွင်း ခရီးသည်တင်နဲ့ အိမ်စီးကား စုစုပေါင်း ၂၈၇၃ စီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့ ယာဉ်မောင်းတွေကိုတော့ သက်ဆိုင်ရာ နယ်မြေ တရားရုံးတွေကို ပို့ပြီး တရားစွဲဆိုခဲ့တာပါ။ ဒဏ်ကြေး အနေနဲ့ တစ်ဦးကို ကျပ် ၅ဝဝဝဝ အထိ ချမှတ်ခဲ့တယ်”ဟု စည်းကမ်းပျက် မော်တော်ယာဉ်များ ဖမ်းဆီးမှု အဖွဲ့ခေါင်းဆောင် ရဲမှူးရန်နောင်ဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မိုင်တိုင်အမှတ် သုညမှ မန္တလေးတိုင်းအထိ ၃၆၆ မိုင် ရှည်လျားသော အမြန်လမ်း တစ်လျှောက် လှည့်ကင်း ခုနစ်ဖွဲ့ရှိပြီး ယင်းအဖွဲ့များက အရှိန်တိုင်းတာသည့် စက်ကြီးများ အသုံးပြု၍ သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးကာ တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ယာဉ်အစီး ၂ဝ ခန့် ဖမ်းဆီးနေရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

“ပညာပေး ကာလ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် စက်တင်ဘာလ ၁ ရက်နေ့ ကစပြီး လှည့်ကင်းတွေမှာ တပ်ဆင်ထားတဲ့ အရှိန်တိုင်းစက်တွေနဲ့ စောင့်ကြည့်ပြီး ဖမ်းဆီး အရေးယူနေတာ”ဟု အမြန်လမ်းမကြီး ပြုပြင် ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု အင်ဂျင်နီယာမှူးရုံးမှ ဦးစီးအရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက် နေ့စဉ် ဖြတ်သန်းနေသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်မောင်းများကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လကစ၍ အရက်သေစာ သောက်စားမှု ရှိ၊ မရှိ စမ်းသပ် စစ်ဆေးသည့် ကိရိယာဖြင့် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်နေသူများကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

“စက်တင်ဘာ ဒုတိယပတ်က နေပြည်တော်ကို ဧည့်သည်တစ်ယောက် သွားကြိုတာ ကီလို ၁၃ဝ လောက်နဲ့ မောင်းမိလို့ နေပြည်တော် အဝင်နားမှာ အဖမ်းခံခဲ့ရတယ်။ နောက်ရက် တရားရုံးကိုသွားပြီး ဒဏ်ကြေး ဆောင်တော့ ဒဏ်ကြေးငွေ ငါးသောင်းအပြင် အပိုကြေး တစ်ထောင်ပါ ပေးခဲ့ရတယ်”ဟု ဇေယျဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်လာသည့် ယာဉ်များကို စစ်ဆေးတွေ့ရှိပါက နယ်မြေရဲစခန်း အချင်းချင်း ဆက်သွယ် ဖမ်းဆီးကာ ချလန်ဖြတ်၍ တရားရုံးသို့ တင်ပို့ရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။


  • VIA